Results for Local News

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊  အင်းလေးဒေသမှာ သြဂုတ် ၂၆ ရက်က   တိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲကြောင့် လေပြင်းတိုက်ခတ်ပြီး ရွာ ၂ ရွာက အိမ်ခြေ ၁၂၀ အမိုးလန်တာ၊ နေအိမ်ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။

မနေ့ နေ့လယ် ၂ နာရီကျော်မှာ ဗီယက်နမ်ကနေ လာအိုကို ဖြတ်ကျော်ပြီး အားပျော့လာတဲ့ တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ အရှိန်ကြောင့် အင်းလေးမှာ လေပြင်းတိုက်ခတ်ပြီး ကံခေါင်းရွာနဲ့ ဟတ်ပုံးရွာက ဒေသခံတွေရဲ့ နေအိမ်တွေ ခေါင်မိုးလန်တာနဲ့ ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။

Inle Myanmar


Buz Blogger August 27, 2025
Read more ...

 အကျဥ်းထောင် အသီးသီးက အကျဥ်းသား၊ အကျဥ်းသူ ၂၉၂ ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဇန်နဝါရီ ၁၂ ရက်နေ့ ဒီနေ့မှာ လွတ်ငြိမ်း‌ခွင့် ပေးတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။


၆၁ နှစ်ပြည့် တအာင်း အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပေးတာလို့ TNLA က ဆိုပါတယ်။

ထောင် တစ်လကနေ ငါးနှစ်အထိ ကျခံနေရသူ ၂၃၂ ဦး၊ ထောင်ဒဏ် ခုနစ်နှစ်ကနေ အနှစ် နှစ်ဆယ်အထိ ကျခံနေရသူ ခြောက်ဆယ်ဦးကို လွတ်ငြိမ်းခွင့် ပေးတာလို့ TNLA က ဖော်ပြပါတယ်။

ဒီထဲမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုနဲ့ ပြစ်မှု ကျူးလွန်ထားသူတွေ ပါတယ်လို့ ရေးသားထားပါတယ်။

ဒါပေမဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ မပါဘူးလို့ TNLA က ဖော်ပြထားပါတယ်။

Buz Blogger January 11, 2024
Read more ...

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား ယာယီအပစ်အခတ် ရပ်စဲဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲကနေ မနေ့က သဘောတူညီမှုရခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တစ်ဦးက RFA ကို ဒီနေ့မနက်က အတည်ပြုပြောပါတယ်။


ဒီသဘောတူညီချက်ဟာ ဇန်နဝါရီလ ၁၁ ရက် ည ၁၀ နာရီမှာ လက်မှတ်ရေးထိုး အသက်ဝင်နေပြီလို့လည်း ပြောပါတယ်။

ဆွေးနွေးပွဲရလဒ်အဖြစ် နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ မြောက်ပိုင်း အဖွဲ့တွေဘက်ကလည်း မြို့နဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆက်မလုပ်ဖို့နဲ့ စစ်ကောင်စီဘက် ကလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ မလုပ်ဖို့ သဘောတူညီမှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ကိုတော့ တိုက်ပွဲတွေ ငြိမ်သွား တဲ့အချိန်မှာ စစ်ကောင်စီ၊ မြောက်ပိုင်းသုံးဖွဲ့နဲ့ တရုတ်နိုင်ငံကြား ပြန်လည်ညှိနှိုင်းဆွေးနွေး သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီဆွေးနွေးပွဲရလဒ်ဟာ ရှမ်းမြောက်ဒေသအတွင်းအတွက်ပဲဖြစ်ပြီး ရခိုင်ဒေသအတွက်တော့ မပါဝင်ဘူးလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူက ပြောပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို MNDAA ဘက်က ဖုန်ခွန်း၊ ကျင်းရှင်နဲ့အဖွဲ့ဝင် ငါးဦး၊ ULA/AA ဘက်က ဒေါက်တာညိုထွန်းအောင်နဲ့အဖွဲ့ဝင် ခုနစ်ဦး၊ PSLF/TNLA ဘက်က ဗိုလ်မှူးချုပ် တာဘုန်းကျော်နဲ့ အဖွဲ့ဝင် ခုနစ်ဦး တက်ရောက်ခဲ့ကြပြီး စစ်ကောင်စီဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ အဖွဲ့ဝင် ငါးဦး တက်ရောက်ခဲ့တယ် လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း (Mr. Deng XinJun) အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စတဲ့မြို့တွေကို MNDAA၊ AA နဲ့အတူ KNDF၊ PLA၊ BPLA စတဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့ တွေက သိမ်းပိုက်ထားပါတယ်။

ဟိုပန်နဲ့ ပန်လုံမြို့တွေကိုတော့ UWSA “ဝ” တပ်ဖွဲ့က သိမ်းယူထားတာပါ။

နမ့်ဆန်၊ မန်တုံ စတဲ့ တအာင်းဒေသက မြို့တွေအပြင် တရုတ်နယ်စပ် နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ စတဲ့မြို့တွေကိုတော့ TNLA နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူထားပါတယ်။ ဒါ့ကြောင့် ရှမ်းမြောက်ဒေသ ၂၂ မြို့နယ်ထဲက မြို့နယ်ပေါင်း ၁၅ မြို့ကို မြောက်ပိုင်းအဖွဲ့က သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

Buz Blogger January 11, 2024
Read more ...

 အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ တလအတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ဆုံးရှုံးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


စစ်ကောင်စီက တမူးမြို့နယ် ထန်းတပင်ကျေးရွာက နေအိမ် အလုံး ၃၀၀၊ ယာနိုကျေးရွာ အလုံး ၉၀ နဲ့ တုံးကျော်ရွာက အိမ်ခြေ ၁၉ လုံး စုစုပေါင်းအိမ်ခြေ ၄၀၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ကူကီးကျောင်းသားအဖွဲ့အစည်းက ဆိုပါတယ်။

စစ်ကောင်စီက ကူကီးတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးနေတာလို့ ကူကီးကျောင်းသားအဖွဲ့အစည်း တာဝန်ခံက ပြောပါတယ်။

“တမူးခရိုင်အတွင်း ကျေးရွာနေအိမ်များ မီးရှို့မှုတွေ ကြည့်မယ်ဆိုရင် စစ်ကောင်စီက အထူးသဖြင့် ကျနော်တို့ ထာဒိုကူကီးလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေ တွေ့ရတယ်။ စစ်ကောင်စီအနေနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် မိမိတို့ ကူကီးကျောင်းသားများအနေနဲ့ လုံးဝ ကန့်ကွက်ရှုတ်ချပါတယ်။”

လက်ရှိမှာ ကျေးရွာမီးရှို့ဖျက်ဆီးခံထားရတဲ့ ‌ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရပြီး ‌စားဝတ်နေရေး အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၅၈,၃၉၇ လုံးကျော် မီး‌လောင်ဆုံးရှုံးထားတယ်လို့ Data For Myanmar ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

Buz Blogger January 09, 2024
Read more ...

 ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက ခရီးသည်တင် မော်တော် တစီး ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာနဲ့ မော်လမြိုင်ကျွန်းမြို့နယ်ကို ပြေးဆွဲနေတဲ့ မင်းလက်ယာ ခရီးသည်တင် လိုင်းရေယာဉ်ဟာ ရာဇူဒိုင်ချောင်း အမှတ် ၂ တံတားအနီးမှာ ဆီဖြည့်နေစဉ် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူ အမျိုးသားတဦးက “ညနေ ၅ နာရီလောက်က ရာဇူဒိုင်ချောင်း အမှတ် ၂ တံတားနားမှာ လိုင်းသင်္ဘော မီးလောင်တယ်။ သူတို့ပြောတာတော့ ဆီဖြည့်ရင်း ထလောင်တာလို့ ပြောတယ်။ သင်္ဘောကတော့ အကုန် ကုန်သွားတယ်။ လူတွေ ဘာတွေကတော့ ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။

မင်းလက်ယာ ခရီးသည်တင်ရေယာဉ် မီးလောင်မှုနဲ့ပတ်သက်ပြီး မော်တော်မောင်းသူကို မော်လမြိုင်ကျွန်းရဲစခန်းက (ပ)၅/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။

Buz Blogger January 09, 2024
Read more ...

ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ရဲ့ အကြီးဆုံး ရေတပ်စခန်းဖြစ်တဲ့ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရွာ အနီးက ဓညဝတီ ရေတပ်စခန်းကို ဇန်နဝါရီလ ၈ ရက် မနေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


အဲဒီရေတပ်စခန်းကို (AA) က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ရေတပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့မနက်ပိုင်း AA က ရှော့တိုက်ဒုံးနဲ့ ရေတပ်စခန်းကို လှမ်းပစ်တာပေါ့။ ငါးလုံး၊ ခြောက်လုံးလောက် ပစ်တယ်။ ထိခိုက်မှုတွေကိုတော့ အတိအကျ မသိရဘူး။ စစ်ကောင်စီကလည်း နေဗီကနေ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာ ရှိတယ်။ ဒီနေ့တော့ တိုက်ပွဲ ထပ်ဖြစ်တာမရှိဘူး။ ဒါပေမဲ့ စစ်တပ်က လမ်းတွေ အကုန် ပိတ်ထားတယ်။ အစစ်အဆေးတွေ ပိုလုပ်နေတယ်”

ဓညဝတီ ရေစခန်းဟာ တရုတ်နိုင်ငံက အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း ရှိတဲ့နေရာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ထိခိုက်မှု အခြေအနေကိုလည်း RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

(AA) ကတော့ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာအနီးက ဓညဝတီ ရေတပ်စခန်းကို ပထမဆုံးအကြိမ် စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရမ်းဗြဲမြို့မှာလည်း မြို့တွင်းတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

ပလက်ဝဒေသ တစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ရေးလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပလက်ဝ အနောက်ဘက်ခြမ်းမှာရှိတဲ့ စခန်းအားလုံးကိုလည်း သိမ်းပိုက်ထားတယ်လို့ (AA) က ပြောပါတယ်။

Buz Blogger January 09, 2024
Read more ...

 စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ် ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ ဇန်နဝါရီ ၆ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။



ဆားလင်းကြီး - ညောင်ပင်ကြီးလမ်းမပေါ် တရုတ် ကြေးနီစီမံကိန်း ဂိတ်ပေါက်အနီးမှာ လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဲဒီ စစ်ကောင်စီ တပ်သားတွေဟာ တရုတ်စီမံကိန်းကို လုံခြုံရေး ယူပေးရမယ့်အစား ဒေသခံ အရပ်သားတွေကို စစ်ဆေးတာ၊ ငွေတောင်းခံတာတွေ လုပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။


“ကျွန်တော်တို့အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရက ချမှတ်ထားတဲ့ တရုတ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ မထိခိုက်အောင် လိုက်နာပါတယ်။ ဒီစစ်ကောင်စီ တပ်သားတွေက လမ်းပေါ်ထွက်ပြီး အရပ်သားတွေကို ဖမ်းတယ်၊ ငွေတောင်းတာ ရှိတယ်။ ဒါကြောင့် ကင်းတဲကို ဝင်ပစ်တာပါ။ စစ်ကောင်စီ တပ်သားတွေက တရုတ်စီမံကိန်း လုံခြုံရေး ယူပေးနေတာ မဟုတ်တော့ဘဲ အရပ်သားတွေကို ထိခိုက်အောင် လုပ်လာလို့ပါ”


တရုတ်စီမံကိန်းအထဲမှာရှိတဲ့ စစ်ကောင်စီ တပ်သားနဲ့ ရဲတပ်သားတွေ အနေနဲ့လည်း ကုမ္ပဏီလုံခြုံရေး ယူပေးတဲ့ အလုပ်ကိုပဲ လုပ်ဖို့လိုပြီး အရပ်သားတွေကို ထိခိုက်လာအောင် မလုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။


အဲဒီတိုက်ခိုက်အတွင်း စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။


စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။


ဆားလင်းကြီးမြို့နယ်ထဲက တရုတ်စီမံကိန်းတွေကို လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ရိက္ခာနဲ့ ပစ္စည်းတွေ သယ်ယူတဲ့အခါ စီမံကိန်းအနီးက ရွာတွေကို နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုးလေ့ရှိပြီး ဒေသခံတွေလည်း မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Source: RFA Burmese

Buz Blogger January 09, 2024
Read more ...

 ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီ ၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။


ခေါင်းလန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတပ်စွဲထားတဲ့ ခရန်ထီဒမ်း စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ခေါင်လန်ဖူးမြို့နယ်က ခရန်ထီဒမ်းစခန်းကို ဇန်နဝါရီ ၆ ရက်နေ့က မနက်မှာ ဝင်တိုက်ခဲ့တာပါ၊ နေ့လယ်လောက်မှာ စခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ နှစ်ဖက်လုံးမှာ ထိခိုက်မှုတွေရှိပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ပိုများပါတယ်၊ အဲစခန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အများစုရှိနေပြီး စခန်းကိုတော့ စစ်ကောင်စီတပ်က ကွပ်ကဲနေတာပါ၊ တိုက်ပွဲဖြစ်လို့ စစ်ကူရောက်လာသူတွေနဲ့ဆို အားလုံးခုနစ်ဆယ်လောက်ရှိနေမယ်လို့ ခန့်မှန်းပါတယ်၊ အခုတော့ အားလုံးစခန်းကို စွန့်ခွာထွက်ပြေးသွားကြပါပြီ"

စစ်ကောင်စီက‌ လေကြောင်းအသုံးပြု ခုခံတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲအတွင်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေက အဖွဲ့ဝင် သုံးဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာဟာ ဆက်သွယ်ရေးခက်ခဲတဲ့နေရာဖြစ်တာကြောင့် အခြေအနေ အသေးစိတ်ကို သိရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီ စခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)နဲ့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Putao PDF) တို့ ပူးပေါင်း သိမ်းပိုက်ခဲ့တာပါ။

KIA နဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာလည်း မချမ်းဘော့မြို့နယ်က အင်ခါဂါး စစ်ကောင်စီစခန်းကိုလည်း သိမ်းပိုက်ခဲ့ကြောင်း Putao PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source: RFA Burmese

Buz Blogger January 09, 2024
Read more ...

 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား နှစ်ရာဝန်းကျင်ရှိတဲ့ တောင်ရှည်တောင်ဗျူဟာစခန်းက စစ်ကောင်စီတပ်သားအားလုံး ရက္ခိုင့်တပ်တော် (AA) ထံကို လက်နက်ချခဲ့တယ်လို့ ဇန်နဝါရီ ၈ ရက်နေ့ညမှာ AA အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။



တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ AA အဖွဲ့နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းတွေက ရဲဘော်တချို့လည်း စစ်ရေးအတွေ့အကြုံယူဖို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဘယ်အဖွဲ့တွေဆိုတာကိုတော့ တိတိကျကျ ထည့်သွင်းပြောဆိုတာမရှိပါဘူး။

ထုတ်ပြန်ချက်မှာတော့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့ပေမဲ့ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဘယ်လိုဆောင်ရွက်မလည်းဆိုတာကိုတော့ ထည့်သွင်းပြောဆိုတာမရှိပါဘူး။

တောင်ရှည်တောင်ဗျူဟာစခန်းကတပ်သားတွေ လက်နက်ချခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကိုလည်း AA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်နေပြီး ပလက်ဝမြို့နယ် အနောက်ဘက်က စခန်းအားလုံးကို သိမ်းဆည်းထားနိုင်ပြီ ဖြစ်တဲ့အပြင် ကျန်ရှိနေတဲ့ စခန်းတချို့ကိုလည်း ဒီရက်ပိုင်းထဲမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ သင်းကျစ်တော်တောင်စခန်းကိုလည်း ဇန်နဝါရီလ ၇ ရက်နေ့မှာ AA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Buz Blogger January 09, 2024
Read more ...

 ဇန်နဝါရီ ၇ တနင်္ဂနွေနေ့က ဘုရားကျောင်းတက်ရန် ပြင်ဆင်နေသူများ၊ စာသင်ကျောင်းအနီး ကွင်းထဲတွင် ဘောလုံးကန်သူ၊ ကြည့်ရှုအားပေးသူ ကလေးငယ်များဖြင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲမှ ကနန်ရွာ၏ နံနက်ခင်းက စည်ကားနေသည်။



သို့သော် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် လေယာဉ်သံကြားလိုက်ပြီး မကြာမီ ထွက်ပေါ်လာသော ဗုံးကြဲတိုက်ခိုက်မှုက ပျော်စရာကောင်းသည့်၊ အေးချမ်းသည့် နံနက်ခင်းကို ဖျက်ဆီးလိုက်သည်။

ဗုံးဒဏ်ကြောင့် ကနန်ရွာခံ ၁၇ ဦး သေဆုံးခဲ့ရသည်။ ၎င်းတို့အနက် ၉ ဦးမှာ ကလေးငယ်များဖြစ်ကြသည်။

ဘုရားကျောင်းတက်သူများနှင့် စည်ကားနေချိန် ဖြစ်သောကြောင့် ထိခိုက်သူ များပြားခဲ့ခြင်းဖြစ်ကြောင်း ကနန်ရွာခံများက ဆိုသည်။

“ဘုရားကျောင်းတက်တဲ့အချိန်က တစ်ကျောင်းနဲ့တစ်ကျောင်း မတူဘူး။ ဆင်းတဲ့သူနဲ့ တက်မယ့်သူနဲ့ အသွားအလာ နည်းနည်းများတဲ့အချိန်။ ပထမအချိန်က လမ်းကြားမှာ ရုတ်တရက်ကြီး လေယာဉ်သံကြားပြီး ဗုံးသံကြားသွားတာ” ဟု ကနန်ရွာခံ တစ်ဦးက ပြောပြသည်။

“အဲ့ဒီတော့ ပြေးတဲ့သူကပြေး၊ ပုန်းတဲ့သူကပုန်း။ တစ်ရွာလုံး အဲ့ဒီလိုဖြစ်သွားတဲ့အခါမှာ … နောက်တစ်ချက် ဘုရားကျောင်းဘေးမှာ ပြန်လာချတာ”

ဤသို့ဖြင့် လက်နက်ကိုင်ခုခံမှု အားကောင်းသော စစ်ကိုင်းတိုင်းတွင် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ထပ်မံ ပေါ်ပေါက်လာသည်။

ချင်းတိုင်းရင်းသားအများစုနေထိုင်သော၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကားလမ်းပေါ်တွင် ရှိသော ထိုရွာတွင် အများစုက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည်။ ရွာနှင့် မိုင် ၃၀ ခန့် အကွာတွင် စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် တမူးမြို့ ရှိသည်။ ရွာတောင်ဘက် ချောင်းကူးတံတားတစ်ခုသာ ခြားသည့် ခမ်းပတ်မြို့ကိုမူ အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ထားသည်။

ထိုနေ့က မြေပြင်တိုက်ပွဲမရှိဘဲ ကနန်ရွာ အမှတ် (၅) ရပ်ကွက်ရှိ အထက်တန်းကျောင်းခွဲနှင့် အနီးဝန်းကျင်ကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် လေကြောင်းမှ နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စာသင်ကျောင်းနှင့်အနီးဝန်းကျင်ကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ချိန်တွင် ကျောင်းနှင့်ကပ်လျက်ရှိ စိန့်ပီတာဘုရားကျောင်းတွင် ဝတ်ပြုသူများ ကြောက်အားလန့်အားဖြင့် ထွက်ပြေးကာ ဘေးလွတ်ရာ ရှောင်ပြေးပုန်းကြရသည်။


ပထမအကြိမ်ဗုံးကြဲပြီး ၅ မိနစ်ဝန်းကျင်မှာပင် ထိုနေရာနှင့် မလှမ်းမကမ်းကိုပင် တစ်ကျော့ပြန် ဗုံးကြဲပြန်သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတို့၏ ရုပ်အလောင်းများကို ဘုရားကျောင်း အနောက်ဘက်လမ်း အနီးဝန်းကျင်ရှိ နေအိမ်နှင့် ဘောလုံးကွင်းအနီးတို့တွင် တွေ့ရှိခဲ့ရကြောင်း ဇန်နဝါရီ ၇ ရက်နေ့က ထိုနေရာသို့ ရောက်ခဲ့သည့် ကနန်ရွာ ဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

“ဘောလုံးကန်တဲ့နှစ်ယောက်က ကျောင်းဝင်းထဲမှာ တွေ့တယ်။ နံကပ်တိုက်အိမ်ထဲမှာ ၃ ယောက်၊ ပျဉ်ထောင်အိမ်ထဲမှာ လည်း တွေ့တယ်။ မန်ကျည်းပင်အောက်မှာလည်း တွေ့တယ်။ သူတို့ ကြောက်လို့ ပုန်းနေကြတာ။ ဘုရားကျောင်းတက်တယ်ဆိုတော့ ဘုရားကျောင်းကနေ ထွက်ပြေးကြတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် နေရာနှင့် တစ်ဖာလုံခန့်သာ ကွာဝေးသည့် အိမ်မှ ဘုရားကျောင်းသို့ သွားရန် ပြင်ဆင်နေစဉ် လေကြောင်းမှ ပစ်ခတ်သံကို ကြားလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေသခံများ Myanmar Now ကို ပေးပို့ခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် လေယာဉ်ပျံသန်းသွားသည်ကို တွေ့မြင်ရပြီးနောက် လူများကြောက်လန့်တကြား ထွက်ပြေးနေချိန်တွင် နောက်တစ်ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ မီးခိုးလုံးများထွက်လာသည်ကို တွေ့ရသည်။

အခြားရုပ်သံမှတ်တမ်းတစ်ခုတွင်လည်း သွေးအလိမ်းလိမ်းဖြင့် အမျိုးသမီး ၂ ဦး လမ်းပေါ် လဲကျနေပြီး ခြေထောက်များပြတ်ထွက်လုနီးပါး ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို တွေ့ရသည်။

သေဆုံးသူ ၁၇ ဦးအနက် ၁၅ ဦးကို ရုပ်အလောင်းကောက်ယူနိုင်ခဲ့ကြောင်း၊ ကျန် ၂ ဦးမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့သာ ကောက်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် ကနန်ရွာခံ အမျိုးသားက ဆိုသည်။

“နှစ်ယောက်ကတော့ မပြောကောင်း မဆိုကောင်းပုံစံပေါ့ကွာ၊ တချို့က ခြေထောက်အဖျားလေးနဲ့၊ လက်ဖျားလေးနဲ့ အူလေးတွေ ကျန်တာပေါ့။ အဲ့လိုလေးတွေပေါ့။ တွေ့တာတွေပဲ ကောက်ကြရတာပေါ့” ဟု သူက ဆိုသည်။

“အဲ့ဒါကို ကျွန်တော်တို့ ဒါက ဘယ်သူဖြစ်နိုင်တယ်ဆိုတာကို သူ့မိသားစုနဲ့ ဘေးမှာ သေတဲ့အလောင်းနဲ့ ရွာထဲကလူတွေကိုစေလွှတ်ပြီးမှ ဒါက မိန်းကလေးလား၊ ယောက်ျားလေးလား။ ဘယ်သူ့အလောင်းဖြစ်နိုင်လဲဆိုပြီးမှ အဲ့လိုပဲ အတည်ပြုတာပေါ့”

မိသားစုဝင်များ၏ ပြောကြားချက်နှင့် ပျောက်ဆုံးနေသူများကို တိုက်ဆိုင်စစ်ဆေးချက်အရ သက်ကြီးပိုင်းတစ်ဦးနှင့် လူငယ်တစ်ဦး၏ ခန္ဓာကိုယ်အပိုင်းအစများ ဖြစ်သည်ဟု အတည်ပြုထားကြောင်း အထက်ပါ ရွာခံက ဆိုသည်။

ဒေသခံများ ကောက်ယူထားသည့်အချက်အလက်များအရ ထိခိုက်ဒဏ်ရာရသူ၏ ထက်ဝက်ကျော်မှာလည်း ကလေးသူငယ်များပင်ဖြစ်သည်။ ဒဏ်ရာရသူ ၁၉ ဦးအနက် အသက် ၁၇ နှစ်အောက် ၁၁ ဦးပါဝင်ပြီး အများစုမှာ ဘောလုံးကွင်းအနီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကလေးတွေက မနက်စောစောမှာ ဆန်းဒေးစကူးတက်ကြတယ်လေ။ ၇ နာရီခွဲလောက်မှာ။ ဆင်းလည်းဆင်းရော ထမင်းမစားခင် ကစားကြတာ။ တချို့လည်း သူတို့အကိုတွေ ကစားတာ ကြည့်တဲ့သူကကြည့်၊ ကျောင်းဝင်းထဲမှာ အကျယ်ကြီးရှိတာလေ။ အဲ့ဒီမှာ ကစားတဲ့ကလေးတွေ ထိတာများတယ်”

ဒဏ်ရာရသူများမှာ ကလေးမြို့သို့ သွားရောက်ကုသရန် မလွယ်ကူသည့်အတွက် အနီးဝန်းကျင်တွင်ပင် ကုသမှုခံယူနေရပြီး ဆေးဝါးမလုံလောက်မှုနှင့် ရင်ဆိုင်နေကြရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အထက်တန်းကျောင်းမှ စာသင်ဆောင်တစ်ဆောင် ပျက်စီးသွားပြီး ကပ်လျက်ရှိ စိန့်ပီတာ ဘုရားကျောင်းနှင့် နေအိမ် ၈ လုံးနီးပါးလည်း ပျက်စီးခဲ့သည်။

“ဗုံးက တော်တော်ပြင်းတယ်။ အိမ်တွေတောင် အရိုးတိုင်ပဲ ကျန်တဲ့အထိ ဖြစ်သွားတယ်။ ဘယ်လောက်ပြင်းမယ်ဆိုတာတော့ မပြောတတ်ဘူး။ အိမ်ပေါ်မှာ တိုက်ရိုက်မကျပေမဲ့လည်း အရိုးတိုင်တွေလောက်ပဲ ကျန်တဲ့အထိ ပျက်စီးသွားတယ်” ဟု ဒေသတွင်းလှုပ်ရှားသည့် တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) CNO (UCR) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထိုနေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ သင်တန်းဆင်းပွဲပြုလုပ်ရန် စီစဉ်ထားရှိသည့် သတင်းပေါက်ကြားသဖြင့် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု သတင်းတချို့ ထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် စာသင်ကျောင်းနှင့် ဘုရားကျောင်းအနီးတစ်ဝိုက်မှ ဒေသခံ ၃၀၀ နီးပါးမှာ လေကြောင်းရန် ကြောက်ရွံ့သဖြင့် ဘေးလွတ်ရာ တောတောင်နှင့် အနီးဝန်းကျင်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများ၏ နာရေးအခမ်းအနားကို လေကြောင်းရန်ကြောင့် ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းတွင် စုပေါင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

တိုက်ပွဲသတင်းများကို အမှောင်ချလေ့ရှိသည့် စစ်ကောင်စီက ကနန်ရွာတွင် လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ကြောင်း ငြင်းဆန်သည်။ ကနန်ရွာကို‌ စစ်တပ်က လေကြောင်းမှ ဗုံးကြဲသည်မှာ သတင်းအမှားသာဖြစ်ကြောင်း၊ ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက လေကြောင်းပျံသန်းမှုမရှိကြောင်း သတင်းထုတ်ပြန်သည်။

အသက် ၄၀ အရွယ် ကနန်ရွာခံ အမျိုးသားက စစ်ကောင်စီ၏ ထိုတုံ့ပြန်ချက်မှာ လိမ်လည်ပြောဆိုမှုဟု မှတ်ချက်ပြုသည်။

“မြန်မာနိုင်ငံအတွင်းမှာ တိုက်လေယာဉ်ပိုင်တာ သူတို့ပဲ ရှိတယ်လေ။ တခြားသူမှ မရှိတာ။ သူတို့မဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ လူအယောက် ထောင်ဂဏန်း၊ သောင်းဂဏန်းက (လေယာဉ်) လာတယ်ဆိုတာ မြင်နေရတာကြီးကို။ ဒါကတော့ သူတို့မဟုတ်တဲ့ဟာပြောတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုဒေသခံက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ကန့်ကွက်ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ ဒေသအများအပြားတွင် လက်နက်ကိုင် ခုခံတော်လှန်မှု ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းသည် တော်လှန်ရေးအားကောင်းသည့် ဒေသ ဖြစ်လာသည်။

စစ်တပ်က အာဏာသိမ်းချိန်မှ ၂၀၂၃ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၆၈၇ ဦးသေဆုံးခဲ့ကြောင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထိုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်သည်။

အစီရင်ခံစာပါ အချက်အလက်များအရ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုများပြားလာပြီး ထိုလေကြောင်းတိုက်ခိုက်မှု၏ ထက်ဝက်နီးပါးမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ရှစ်လတာ ကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ပြီးခဲ့သည့်နှစ် ဧပြီ ၁၁ ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ၆ လသားအရွယ် ကလေးငယ်အပါအဝင် ကလေး၊ လူကြီး ၁၅၀ ကျော် သေဆုံးခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်စဉ်ဖြစ်သည်။

လက်နက်အင်အားကောင်းသည့် ရှမ်းမြောက်ဒေသ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ရင်ဆိုင်ရစဉ် အစုလိုက် အပြုံလိုက် လက်နက်ချခဲ့သော စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းတွင်မူ အရပ်သားများ ရှိနေသည့် နေရာများကို မဆင်မခြင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အရပ်သားများကို ပစ်မှတ်ထားခဲ့သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကနန်ရွာခံ အမျိုးသားက အောက်ပါအတိုင်း မှတ်ချက်ပြုလိုက်သည်။

“တစ်ရွာလုံးက စိတ်ထဲမှာ မျက်ရည်ကျကြတာ။ ဒီလိုမျိုးကတော့ မဖြစ်စေချင်ဘူး။ ကိုယ့်နိုင်ငံသားအချင်းချင်း ပြည်သူတွေပေါ်မှာ ဒီလိုမလုပ်သင့်ဘူး”

Source: Myanmar Now

Buz Blogger January 09, 2024
Read more ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစနှင့် “နမ်ထင်းမိန်ရှန်း” တောင်ကုန်းစခန်းမှ ပစ္စတိုနှင့် ချေမှုန်းရေးရိုင်ဖယ်လက် နက် ၄၀၀၀ ကျော် သိမ်းဆည်းရရှိပြီး ခဲယမ်း၊ အမြောက်နှင့် လက်နက်ကြီးကျည်များ မရေမတွက်နိုင်အောင် ရရှိထားကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ပြောဆိုသည်။

လက်ရှိတွင် စာရင်းများအရ ဒကစ တပ်အတွင်းမှ အရာရှိအရာခံ ၂၂၈ ဦး၊ တပ်သားနှင့် အမှုထမ်း ၁,၈၉၅ ဦး စုစု ပေါင်း တပ်ဖွဲ့ဝင် ၂,၁၂၃ ဦး ၏ လက်နက် ဖြစ်သော ပစ္စတို ၇၉ လက် ၊ ချေမှုန်းရေးရိုင်ဖယ်လက်နက်မျိုးစုံ ၁,၉၆၄ လက်မျိုးစုံ၊ ထို့ပြင် ဒကစအတွင်းရှိ လက်ရုံး တပ်များမှ အရာရှိ ၈၀ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၀ ဦးတို့၏ လက်နက်ဖြစ်သော ပစ္စတို ၂၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၅၀ လက်၊ စစ်ကူအဖြစ် ရောက်ရှိနေသော တပ်မ ၅၅ မှ အရာရှိ ၉၈ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၂ ယောက်တို့၏ လက်နက်ဖြစ်သော ပစ္စတို ၃၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၅၀ လက်၊ ထို့ပြင် ဒကစအတွင်းရှိ စကခ ၁၄ မှ အရာရှိ ၂၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၂၃၃ ဦး တို့၏ လက်နက်ဖြစ်သော ပစ္စတို ၁၅ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၂၁၀ လက်၊ တမဟ ၁၆ မှ အရာရှိ ၁၀ ဦး၊ တပ်သားနှင့် အမှုထမ်း ၇၀ ဦးတို့၏ လက်နက်ဖြစ်သော ပစ္စတို ၆ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၄ လက်၊ စကခ ၁၂ မှ အရာရှိ ၁၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၉၀ ဦးတို့၏ လက်နက်ဖြစ်သော ၊စ္စတို ၈ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၀ လက် စုစုပေါင်း ၄၀၈၆ လက်ကို သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။

အလားတူ လောက်ကိုင်မြို့နယ် “နမ်ထင်းမိန်ရှန်း” တောင်ကုန်းစခန်းမှ ပစ္စတိုနှင့်ချေမှုန်းရေး ရိုင်ဖယ် ၃၀၀ နီးပါးကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
"လက်နက်တွေချည်းပဲ ၄၀၀၀ ကျော်တယ်။ အမြောက်တွေ၊ တင့်နဲ့သံချပ်ကာ ကားတွေ၊ ဟောင်ဝစ်ဇာ၊ အတွဲလိုက်ဒုံးပစ်ကားတွေ လည်း ရထားတယ်ပြောတယ်။ ကျနော်တို့တော့ မမြင်ရသေးဘူး။ ပြန်ဆုတ်ခွာသွားတဲ့ စစ်သားတွေက လက်နက် မသယ်ရဘူး။ လူချည်းပဲ ပြန်လွှတ်တာလို့ သိရတယ်" ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
အခြားရှေ့တန်းသတင်းရင်းမြစ်ကလည်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းနှင့် ကျည်များကို သယ်ယူ ရွှေ့ပြောင်း ထုတ်ယူရန်ပင် အနည်းဆုံး ၂ ရက်ခန့်ကြာမြင့်နိုင်သည်ဆိုသော ပြောဆိုမှုများကြားရကြောင်း ပြောဆိုသည်။
Buz Blogger January 06, 2024
Read more ...

 မျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားကို ၂၀၂၄ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းကြေညာချက်တွင် နှစ်နိုင်ငံကြား စစ်မှန်သည့် “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမည်၊ တရုတ် တနိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည် စသည်တို့ အပါအဝင် အချက် ၁၀ ချက် ဖော်ပြထားသည်။



NUG ၏ တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ကြေညာရသည့် အကြောင်းအရင်း၊ ကြေညာချက်ပါ အချက်အချို့နှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား ဧရာဝတီသတင်းထောက် စောရယ်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ဘာကြောင့် တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို ထုတ်ပြန်ကြေညာရတာပါလဲခင်ဗျာ။

ဖြေ ။ ။ တကယ်က တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့မူဝါဒက ကျမတို့အစိုးရအဖွဲ့ထဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာသံတမန်တွေ၊ နိုင်ငံတကာနဲ့ တွေ့ဆုံတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးဝိုင်းတွေမှာရော မေးမြန်းလာတဲ့အခါ မှာရော ထုတ်ဖော်ပြောကြား လာတာတော့ ရှိပါတယ်။

ဒါတွေက တစုတစည်းတည်းနဲ့ Public Statement အနေနဲ့ ရှိမနေတော့ တခါတခါကျရင် ကျမတို့ NUG အစိုးရကို စစ်ကောင်စီရဲ့ လိုသလို ပုံဖျက်တာမျိုးတွေ၊ တရုတ်နဲ့ ပတ်သက်လို့၊ အိန္ဒိယနဲ့ပတ်သက်လို့ ကျမတို့ကို အနောက်ယိမ်း တယ်တို့၊ ဘယ်ဩဇာခံညာဩဇာခံ ဆိုတဲ့ နိုင်ငံရေးအရ မလိုလားအပ်တဲ့ အသုံးချမှုတွေပေါ့။

ကျမတို့က Silent (တိတ်ဆိတ်) ဖြစ်လေလေ။ အသုံးချလေလေ။ တောက်လျှောက် ရင်ဆိုင်ခဲ့ရတယ်။ ဒီမူဝါဒတွေက အသစ်လည်း မဟုတ်ပါဘူး။ ကျမတို့ တောက်လျှောက်ပြောခဲ့တာ တွေကို Organize (တစုတစည်းတည်း) ဖြစ်အောင်နဲ့ ရှင်းရှင်း လင်းလင်းဖြစ်အောင် ထုတ်ပြန်လိုက်တဲ့သဘော ဖြစ်ပါတယ်။

မေး ။ ။ NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာ သဘောထားရဲ့ နံပါတ် ၄ အချက်ဖြစ်တဲ့ တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးမယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ အဓိကတော့ ဒီအချက်ကို မထည့် သင့်ဘူးဆိုတာမျိုးပါ။ ဒါနဲ့ပတ်သက်ပြီး ဘာမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ ။ ။ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ဘယ်နိုင်ငံမဆို ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ တရုတ်နဲ့ပတ်သက်တဲ့ သဘောထားမူဝါဒ ထုတ်ပြန်မယ်ဆိုလို့ရှိရင် One China – Two System ဆိုတဲ့ ပုံမျိုးတွေ၊ ကိုယ့်နိုင်ငံအလိုက် ဖွင့်ဆိုချက်တွေ မည်သို့ပင်ရှိစေကာမူ တရုတ်တနိုင်ငံတည်းမူဝါဒအပေါ် ဘယ်လို သဘောထားလဲဆိုတဲ့ သဘောထားမှတ်ချက် မပါဘဲနဲ့တော့ တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ထုတ်ပြန်မယ်ဆိုရင် မထုတ်ပြန် တာ ပိုကောင်းမယ်ဆိုတဲ့ စဉ်းစားချက်ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကြည့်ကြည့်ပါ။ ဘယ်နိုင်ငံမဆို တရုတ်နဲ့ပတ် သက်တဲ့ Specific Engagement (သီးခြားထိတွေ့ ဆက်ဆံမှု) လုပ်မယ်ဆိုရင် ဒီသဘောထားက တရုတ်အတွက်လည်း အရေးကြီးပါတယ်။ ဒါက UN မှာလည်း Resolution ချမှတ်ထားတာ ရှိပြီးဖြစ်တဲ့အတွက် ဒါကို ရှောင်တိမ်းပြီး ပြောမယ် ဆိုရင် ဒီမူဝါဒက မထုတ်ပြန်တာ ပိုကောင်းမယ်လို့ ယူဆကြတဲ့အတွက် တရုတ်နဲ့ပတ်သက်ပြီး Specific Position ကို ပြောတဲ့အခါမှာ ထည့်ကိုထည့် သင့်တယ်လို့ယူဆလို့ ကျမတို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ ကျားဖြန့်အွန်လိုင်းနဲ့လောင်းကစားကိစ္စ မူးယစ်ဆေးနဲ့ လူကုန်ကူးမှုတွေကို တရုတ်နိုင်ငံအပါ တခြားနိုင်ငံ တွေနဲ့ ပူးပေါင်းတိုက်ဖျက်မယ်လို့လည်း ကြေညာချက်မှာ တွေ့ပါတယ်။ ဘယ်လို တိုက်ဖျက်မှာပါလဲခင်ဗျ။ NUG မှာ အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး Task Force ဖွဲ့ထားတယ်လို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။ အဲဒီအဖွဲ့က ဘာတွေလုပ်ဆောင်မှာပါလဲခင်ဗျ။

ဖြေ ။ ။ ကျားဖြန့်အွန်လိုင်းလောင်းကစားကိစ္စတွေ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု ဒါတွေကတော့ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးအလုပ်အဖွဲ့ဆိုပြီး ကျမတို့ NUG မှာ ဖွဲ့ထားတာရှိပါတယ်။ ဒီအဖွဲ့က ကျမတို့ လုပ်ရကိုင်ရတဲ့အခါမှာ အကန့်အသတ်တွေ ရှိနေတာတော့မှန်တယ်။ ဒီ Task Force ဖွဲ့ရတဲ့ အကြောင်းအရင်းကိုက ခုနကပြောတဲ့ Issue တွေပေါ့။ အွန်လိုင်းလောင်းကစားကိစ္စတွေ၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုဆိုင်ရာကိစ္စတွေက ကျမတို့ တိုင်းပြည်ပတ် ပတ်လည်မှာ ကျမတို့တိုင်းပြည်ရဲ့ Territory (ပိုင်နက်) ထဲမှာ အခြေခံပြီးတော့ တိုးပွားလာနေတယ်။ ဒါကလည်း ဒေသတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတဲ့ အနေအထားမျိုးတွေရှိတယ်။ ဒါကို လုံးဝ မျက်ကွယ်ပြုထားလို့ မရဘူး။

အဲဒီတော့ ကျမတို့ အကန့်အသတ်တွေရှိသည့်တိုင်အောင် ပညာပေးလုပ်ငန်းတွေ လုပ်နိုင်မယ်။ နယ်စပ်ဒေသတွေနဲ့ ကျမတို့ ထိန်းချုပ်ဒေသတွေမှာ ဒီလိုကိစ္စမျိုးတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီး၊ တိုက်ဖျက်ရေးလို့ပြောတဲ့ နယ် ပယ် ၃ ခုမှာ ကျမတို့က ကာကွယ်မှုနဲ့ပတ်သက်တဲ့ ပညာပေးတာတွေ လုပ်နိုင်မယ်။ ကာကွယ်တားဆီးတဲ့ကိစ္စလည်း ပညာပေးရင်းလုပ်နိုင်မယ်။ တိုက်ဖျက်ရေးမှာ ကျမတို့ အင်တိုက်အားတိုက်လုပ်ဖို့ အကန့်အသတ်ရှိတယ်။ ဒါပေမယ့် ဘာလုပ်လို့ရသလဲဆို သတင်းအချက်အလက်တွေ ဖလှယ်ခြင်းအားဖြင့် ဒီတိုက်ဖျက်ရေးမှာ ကျမတို့ ပူးပေါင်းပါဝင်လို့ ရမယ်။ အနည်းဆုံး အနေအထားအရပေါ့။ ဒီနယ်ပယ် ၃ ခုကို အခြေခံပြီး ကျမတို့ သက်ဆိုင်ရာ ဒေသတွင်းနိုင်ငံတွေနဲ့ ရော၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ရော NUG အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ဆိုပြီး ဒီ Task Force ကို ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ကျားဖြန့် အွန်လိုင်းလောင်းကစားကိစ္စနဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုကိစ္စတွေကလည်း ဒီအတိုင်းပါပဲ။ TOC လို့ခေါ်တဲ့ Transactional Organize Crime ခေါင်းစဉ်အောက်ထဲမှာ ဝင်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံအတွင်းက တရုတ်၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေး ကို ထိန်းသိမ်းကာကွယ်မယ်ဆိုတဲ့အချက်က တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေဖြစ် တဲ့ လက်ပံတောင်းတောင်စီမံကိန်းတို့၊ သဘာဝဓာတ်ငွေ့ပိုက် လိုင်းတို့လို စီမံကိန်းတွေမှာ တိုက်ခိုက်မှုမလုပ်ဘူး။ တိုက်ခိုက်မှုတွေရှိလာရင်လည်း လက်မခံဘူးဆိုတာမျိုး ဆိုလိုတာ ပါလားခင်ဗျာ။

ဖြေ ။ ။ ဒီကိစ္စနဲ့ပတ်သက်လို့ အချက် ၂ ခုအပေါ်မှာ ကျမတို့အခြေခံပြီး ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ၁ အချက်ကတော့ ဒီရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ရှိရင် NUG က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒ ထုတ်ပြန်ထားတာရှိတယ်။ တရားမဝင် အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပြုလုပ်တဲ့ မည်သည့်သဘောတူညီချက်၊ ရင်းနှီးမြှုပ်နှံမှုကို မဆို တာဝန်ယူမှာမဟုတ်ဘူး။ အရပ်သားအစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ စစ်ကောင်စီ အာဏာမသိမ်းခင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ကိစ္စတွေကိုပဲ ကျမတို့က တာဝန်ခံမယ်ဆိုတဲ့မူရယ်။

နောက်တခုက စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုစီးပွား ဘဝတွေဆိုတာ PDF တပ်မတော်ရဲ့ Military Code of Conduct (စစ်ရေးဆိုင်ရာကျင့်ဝတ်) အရဆိုရင်လည်း အရပ် သားပစ်မှတ်တွေ ဖြစ်တယ်။ ဆိုတော့ ဒီအရပ်သားပစ်မှတ်တွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အခြေခံမူအောက် ကနေ ဆွဲထုတ်ပြီးတော့ ဒီအချက်အလက်ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီအောက်မှာ လက်ပံတောင်းတောင်စီမံကိန်းပဲဖြစ်ဖြစ်၊ ဘယ်စီမံကိန်းတွေပဲဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာ Base အဖြစ် အသုံးပြုနေခြင်းမရှိတဲ့ အရပ်ဘက် Base တွေ၊ စီမံကိန်းတွေကိုတော့ အကာအကွယ်ပေးရမယ်ဆိုတာ စစ်ရေးဆိုင်ရာ Principle တခုလည်း ဖြစ်ပါတယ်။

မေး ။ ။ NUG က အခုထုတ်ပြန်တဲ့ တရုတ်နိုင်ငံဆိုင်ရာမူဝါဒလို နိုင်ငံအလိုက်ပေါ်လစီတွေ ထပ်ထုတ်ဖို့ရှိလား။ ဥပမာ – အမေရိကန်နိုင်ငံဆိုင်ရာမူဝါဒတို့၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ ထိတွေ့ဆက်ဆံမယ့်မူဝါဒတို့၊ အိန္ဒိယနိုင်ငံ ဆိုင်ရာမူဝါဒ စတာမျိုးတွေ ထပ်မံလုပ်ဆောင်သွားဖို့ ရှိပါသလား။ အရင်ကရော အခုလို နိုင်ငံအလိုက် ပေါ်လစီတွေ ထုတ်ဖူးပါသလားခင်ဗျာ။

ဖြေ ။ ။ အခု NUG က ထုတ်ပြန်တဲ့ တရုတ်ဆိုင်ရာမူဝါဒလိုပဲ နိုင်ငံအလိုက်ပေါ်လစီတွေ ရှိလားဆိုတာနဲ့ပတ်သက် ရင် ကျမတို့ အခါအားလျော်စွာ လိုအပ်ရင်လိုအပ်သလို ထုတ်ပြန်သွားဖို့ရှိမယ်။ ဒါပေမယ့် အခြေအနေအပေါ်မှာ မူတည်ပြီး ထုတ်ပြန်သွားမှာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ဆက်ပြီးဖြေရလို့ရှိရင် ကျမတို့ နိုင်ငံခြားရေးမူဝါဒလည်းရှိတယ်။

နိုင်ငံအလိုက် ပေါ်လစီဆိုတာထက် Engagement လုပ်တဲ့အခါ ဘယ်လိုအခြေခံမူနဲ့ လုပ်မှာလဲဆိုတဲ့ Engagement Plan တွေ ကျမတို့ Develop လုပ်နေတာတွေ ရှိပါတယ်။ အထူးသဖြင့် အာဆီယံနဲ့ပတ်သက်ရင်လည်း ပြီးခဲ့တဲ့နှစ်က တည်းကပေါ့။ အာဆီယံ Engagement Plan ဆိုတာ ရှိပါတယ်။ အာဆီယံ Chair (ဥက္ကဋ္ဌ) ပေါ့။ အင်ဒိုနီးရှား ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းနေတဲ့အချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေ အထူးသဖြင့် အာဆီယံအဖွဲ့အစည်းနဲ့ ဘယ်လိုထိတွေ့ ဆက်ဆံမလဲဆိုတဲ့ဟာမျိုး ကျမတို့ Engagement Plan ပေါ့၊ မူဝါဒနဲ့ စီမံချက် Engage လုပ်ခဲ့တာတွေရှိတယ်။

နောက် တခုက အိမ်နီးနားချင်းဆိုင်ရာမူဝါဒတွေနဲ့ ပတ်သက်ပြီးတော့လည်း ၂၀၂၁ ခုနှစ်ကတည်းက ကျမတို့ ထုတ်ပြန် ခဲ့တာ ရှိပါတယ်။ အဲဒီမှာ အချက် ၅ ချက် ပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ အိန္ဒိယနဲ့ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ အခု နောက်ဆုံးထုတ်ပြန်တဲ့ တရုတ်နိုင်ငံဆိုင်ရာမူဝါဒနဲ့ပဲဖြစ်ဖြစ်၊ ထိုင်းနဲ့ပဲဖြစ်ဖြစ် ကျမတို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကို ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

မေး ။ ။ ယေဘုယျအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ဘယ်လိုအခြေခံမူတွေနဲ့ ထိတွေ့ဆက်ဆံ မယ်ဆိုတာမျိုး မူချမှတ်ထားတာရော ရှိပါသလား။

ဖြေ ။ ။ နိုင်ငံခြားရေးမူဝါဒ ၂ ရပ် ရှိပါတယ်။ အဲဒါက “လွတ်လပ်၍ တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ ကို အခြေခံလျက် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် အထောက်အကူ ဖြစ်နိုင်သမျှသော နိုင်ငံများအား နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်အရေး စံချိန်စံညွှန်များနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ ဆက်ဆံသွားမည်” ဆိုတာက တခုပါ။ ဒုတိယက “မြန်မာနိုင်ငံ၏ ပထဝီ နိုင်ငံရေးကို သတိမူလျက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ့ဒီမိုကရေစီအရေးနှင့် ဖွံ့ဖြိုးရေးကို အားပေးထောက်ခံသော ကမ္ဘာ့နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မည်” ဆိုတာပါ။

ဒီမူဝါဒ ၂ ရပ်ပေါ် အခြေခံပြီးတော့ပဲ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ရော၊ နိုင်ငံတကာနဲ့ရော ဆက်ဆံတဲ့အခါမှာ ဒီမူဝါဒအပေါ် အခြေခံပြီး ဆက်ဆံသွားမှာ ဖြစ်ပါတယ်။ ဒီမူဝါဒအပေါ် အခြေခံထားတဲ့ လုပ်ငန်းစဉ် ၅ ရပ်လည်း ရှိပါ တယ်။ အခု ထုတ်ပြန်ချက်က အဲဒီ လုပ်ငန်းစဉ် ၅ ရပ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ ကျမတို့ဟာ မြန်မာနိုင်ငံရဲ့တည်ရှိမှု ပထဝီနိုင်ငံရေးအခြေအနေကို သတိမူမိတယ်။ ကျမတို့ အလေးထားတယ်။

ဒါကြောင့်မို့ အိမ်နီးနားချင်းနိုင်ငံတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မြန်မာ့ဒီမိုကရေစီအရေးနဲ့ဖွံ့ဖြိုးရေးကို အားပေး ထောက်ခံတဲ့ အာရှနိုင်ငံများဆိုတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုတို့၊ EU တို့ အစရှိသဖြင့် ဒီလိုနိုင်ငံတွေလည်း ပါပါတယ်။ ဒီလိုနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒရှိပြီးသားဖြစ်တော့ ဒီမူဝါဒအပေါ်မှာပဲ အခြေခံပြီးတော့ လုပ်ငန်းစဉ်တွေ၊ Engagement Plan တွေ ရေးဆွဲတယ်။ လိုအပ်ရင်လိုအပ်သလို ထုတ်ပြန်ရတာ ဖြစ်ပါတယ်။

မေး ။ ။ တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို NUG ဘက်က ထုတ်ပြန်တဲ့အတွက် NUG ဟာ တရုတ်နဲ့ နီးစပ်သွားပြီဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ပြောဆိုမှုတွေလည်း ရှိလာနိုင်ပါတယ်။ ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်ရင်ရော ဘယ်လို သဘော ထားပေးချင်ပါသလဲခင်ဗျ။

ဖြေ ။ ။ တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို ထုတ်ပြန်လိုက်လို့ NUG က တရုတ်နဲ့ နီးစပ်သွားမယ်ဆိုတဲ့ စိုးရိမ်ပူပန်ချက်တွေ ကတော့ ကျမအနေနဲ့ မစိုးရိမ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့နိုင်ငံရေးဆိုတာ အားလုံး Balance လုပ်နေကြတာပဲဖြစ်တယ်။ ဟိုတုန်းကလည်း ကျမတို့ကို ပြောတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို အနောက်နဲ့ နီးလွန်းတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ကျတော့ ဆက်ဆံရေးမလုပ်ကြဘူးလား။ အိန္ဒိယနဲ့ရော၊ ထိုင်းနဲ့ရော၊ အာဆီယံနဲ့ ရောပေါ့။ အနောက်ဘက်ယိမ်းတယ်လို့ ဒီလူတွေပဲ ဝေဖန်ကြတာပဲ။

အခုလည်း ဒီလိုမျိုး တရုတ်နိုင်ငံဆိုင်ရာမူဝါဒ ထုတ်ပြန်လို့ တခြားသောနိုင်ငံတွေနဲ့ ကင်းကွာသွားမှာလို့လည်း ပြောကြ ပြန်တယ်ပေါ့။ ကျမတို့က Balancing လုပ်ပြီး ဆက်သွယ်ဆောင်ရွက်နေကြတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ် စရာမရှိပါဘူး။ နိုင်ငံတကာဆက်ဆံရေးဆိုတာ တနိုင်ငံတည်းနဲ့ ဆက်ဆံလို့မရသလို ဒေသတွင်းတခုတည်းကိုပဲ Focus ထားလို့မရဘူး။ ဒေသတွင်းကို ကျော်လွန်ပြီး လက်တွေ့မကျတဲ့ကိစ္စတွေကို ချည်းကပ်လို့မရပါဘူး။ လက်တွေ့နဲ့ Principle နဲ့ကို ပေါင်းစပ်ပြီး နိုင်ငံတကာဆက်ဆံ ရေးကို ဆောင်ရွက်နေပါတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်စရာမရှိပါဘူး။ မစိုးရိမ်ကြပါနဲ့လို့ ပြောချင်ပါ တယ်။

မေး ။ ။ NUG အနေနဲ့ သံခင်းတမန်ခင်းနဲ့ပတ်သက်ရင် ဘာတွေဆက်လုပ်သွားမယ်လို့ စဉ်းစားထားပါသလဲခင်ဗျာ။

ဖြေ ။ ။ သံခင်းတမန်ခင်းနဲ့ပတ်သက်ရင် ကျမတို့မှာ လုပ်ငန်းစဉ် ၅ ရပ် ရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံမှုပိုမိုရရှိလာရန် ဆက်လက်ကြိုးပမ်းခြင်း၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အာဆီယံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းနဲ့ တရားမျှတမှုနှင့် တာဝန်ခံမှုလုပ်ငန်းများအတွက် နိုင်ငံတကာ တရားစီရင်ရေးယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ် ၅ ရပ်အပေါ်မှာ အခြေခံပြီး တော့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။ အထူးသဖြင့် ဒီဘက် ကာလတွေမှာ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေး၊ ကျမတို့နိုင်ငံက ပြည်သူလူထုရဲ့ ရုန်းကန် လှုပ်ရှား မှုတွေ၊ ကျမတို့ရဲ့ နိုင်ငံရေးအရ မျှော်မှန်းချက်တွေ ကို အိမ်နီးနားချင်းနဲ့ ဒေသတွင်းနိုင်ငံတွေက ပိုမိုသိမြင်နားလည် လက်ခံလာနိုင်အောင်လို့ ပိုပြီးအားစိုက်ထုတ်သွားဖို့ ရှိပါတယ်။ တဖက်မှာလည်း ရှိထားပြီးသား အစဉ်အလာမဟာမိတ် တွေ၊ လူ့အခွင့်အရေးထောက်ခံတဲ့ အစဉ်အလာ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကိုလည်း ဆက်လက်ပြီး ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

Buz Blogger January 05, 2024
Read more ...

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အား အလုံးစုံသိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ ကွတ်ခိုင်ဗျူဟာကုန်းတခုသာ ကျန်ရှိပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်( PSLF/TNLA) က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ကွတ်ခိုင်ဒေသခံများထံက သိရသည်။

ကွတ်ခိုင်မြို့တွင် ယခုသတင်းပတ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိပြီး ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ကမူ ကွတ်ခိုင်မြို့ စေတီကုန်းပေါ်တွင်ရှိနေသည့် စစ်ကောင်စီတပ်၏ ကင်းစခန်းမှာ တပ်ဆုတ်သွားကြောင်း ကွတ်ခိုင်မြို့ရှိ ဒေသခံတဦးက ပြောသည်။

“လက်ရှိ Welove kutkai စေတီကုန်းတော့ သိမ်းလိုက်ပီဗျ မနေ့က။ ဗျူဟာကုန်းတခုပဲကျန်တော့မယ်။ မနေ့ကတော့ ဗျူဟာကုန်းကနေ ရဟတ်ယာဥ်နဲ့ ကယ်ထုတ်တာတွေရှိတယ်လို့ သိရတယ်ဗျ။ တိုက်ပွဲဆက်ဖြစ်နေပေမယ့် မနေ့ကလောက် မကြမ်းဘူး” ဟု ကွတ်ခိုင်ဒေသခံက ပြောသည်။

ယမန်နေ့ကမူ ကွတ်ခိုင်မြို့အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းနှင့် မြို့လူထု၏ ထက်ဝက်ခန့်မှာ တိုက်ပွဲကြား ပိတ်မိနေသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်နေပေးနေရကြောင်းလည်း အဆိုပါဒေသခံထံက သိရသည်။

ထို့အပြင် ယမန်နေ့ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ်ဆေးရုံအား ပိတ်လိုက်ရပြီး ဆေးရုံရှိ လူနာများကိုကယ်ထုတ်၍ ကောင်းခါးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေကြောင်းလည်း သိရသည်။

“အရင်ကတော့ မြို့ဝင်၊မြို့ထွက် စစ်ကောင်စီတပ်တွေရှိတယ်။ ဒါပေမဲ့ ကြာပြီ ။ တပ်ဆုတ်ပြီး ဗျူဟာကုန်းမှာ သွားပေါင်းလိုက်တာ။ မြို့ထဲမှာတော့ ဆိုင်ကယ်မရှိ၊ ကားမရှိတဲ့ လက်လုပ်လက်စား ပြည်သူတွေက ဘယ်လိုထွက်ရမှန်း မသိတာကြောင့် ပိတ်မိပြီးကျန်နေကြတယ်။ မနေ့ကတော့ မနက် ၉ နာရီနောက်ပိုင်းလောက်ကစပြီး ဝင်ထွက်ခွင့်ပိတ်ပြီးတိုက်ပွဲဖြစ်တယ်။ ဒီမနက်တော့ နှစ်ဖက်အပစ်ရပ်ပြီး နှစ်နာရီလောက် အချိန်ပေးတယ် ကယ်ဆယ်ရေးတွေဝင်ကယ်ထုတ်ဖို့” ဟု ကွတ်ခိုင်မြို့မှ စစ်ဘေးရှောင်နေရသည့် နောက်ထပ်ဒေသခံတဦးက ပြောသည်။

ရှမ်းမြောက်ဒေသ၏ ကွတ်ခိုင်၊ မိုးမိတ်နှင့် ကျောက်မဲမြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု ယမန်နေ့ ညပိုင်း TNLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကွတ်ခိုင်မြို့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ယနေ့နံနက်တွင် TNLA ၏ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “ဒီနေ့အတွက်တော့ ဘာမှသတင်းမရောက်သေးပါဘူး” ဟု ဖြေကြားသည်။

ထို့အပြင် ကွတ်ခိုင်မြို့တွင် ဗျူဟာကုန်းတခုသာရှိသည်ဟုလည်း ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အနောက်ဘက် ရပ်ကွက် (၁)ရှိ ခြေလျင်တပ်ရင်း ခလရ (၂၄၁) ဗျူဟာတပ်စခန်းက်ို ညီနောင်မဟာမိတ် သုံးဖွဲ့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ရက် မနက်အစောပိုင်းမှ စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ကွတ်ခိုင်ဗျူဟာတပ်စခန်းသည် နမ့်ဖက်ကာ၊တာမိုးညဲနှင့် မုံးစီးဒေသရှိ တပ်စခန်းများကို ကွပ်ကဲနေသည့် ဗျူဟာမှူး အထိုင်ချရာ တပ်စခန်းဖြစ်ပြီးအမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းတို့ရှိကြောင်း လည်း ကွတ်ခိုင်မြို့ခံများက ပြောသည်။

Buz Blogger January 05, 2024
Read more ...

 တိုက်ပွဲများ မြို့ပြနေရာများအထိ ဆင်နွှဲလာကြပြီး ရှေ့တန်းနယ်မြေ ပိုမိုကျယ်ပြန့်လာကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့က ဝန်ခံပြောကြားသွားသည်။

ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်သည့် အခမ်းအနားတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ အခါတွင် ဘက်စုံစစ်ပွဲသဘောတရားများကြောင့် တိုက်ပွဲများသည် တောတောင်များအတွင်း၌သာ တိုက်ခိုက်ကြရသည် မဟုတ်တော့ဘဲ မြို့ပြနေရာများအထိ ဆင်နွှဲလာကြသည်ကို တွေ့ရှိရသည်ဟု စစ်ကောင်စီခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီတပ်၏ အဓိကအမာခံ အရန်အင်အားများဖြစ်သည့် ရဲမေမိသားစုဝင်များအနေဖြင့် အရေးကြုံပါက သက်လုံကောင်းစွာဖြင့် စစ်မှန်သည့် မျိုးချစ်စိတ်များကို ဆက်လက်ထိန်းသိမ်းသွားကြရန်လည်း အဆိုပါ အခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင်က တိုက်တွန်းပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီ၏ တပ်စခန်းများသိမ်းပိုက်ခံနေရပြီး မြို့သိမ်းတိုက်ပွဲများလည်း ဆင်နွှဲခံနေရသော်လည်း အဆိုပါ အခြေအနေများကိုမူ ထည့်သွင်းပြောဆိုသွားခြင်းမရှိပေ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်နေ့အထိ နှစ်လကြာကာလအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုများဘက်က မြို့ပေါင်း ၂၄ မြို့အထိ သိမ်းပိုက်ထားနိုင်ခဲ့ကြကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံအနှံ့မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း မြို့နယ်ပေါင်း ၂၂၁ ခုထက်မနည်းတွင် တိုက်ပွဲပေါင်း ၁၂,၅၀၀ ကျော် ကြိမ်ဖြစ်ပွားခဲ့ကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

Source: Mizzima

Buz Blogger January 05, 2024
Read more ...

 ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ပြီးနောက် လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်လိုက်ပြီလို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ဇန်နဝါရီလ ၅ ရက်နေ့မှာ RFA ကို အတည်ပြုပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့က လောက်ကိုင်မှာကျန်နေတဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့တာဖြစ်ပြီး လက်နက်ချတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးကို ပို့ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

လောက်ကိုင်မြို့က ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးကလည်း လောက်ကိုင်မြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်လိုက်တာမှန်ကန်ကြောင်း RFA ကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက လောက်ကိုင်မြို့ကို ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေအားလုံးကို MNDAA က ဖြတ်တောက်ထားခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်နဲ့ နှစ်မိုင်သာ ဝေးတဲ့ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်က လေးမျက်နှာ ဘုရားကုန်းအထိ MNDAA တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာပါ။

စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး အပြင်းအထန် ကာကွယ်ခဲ့ပေမယ့် စစ်ကူနဲ့ ရိက္ခာလမ်းကြောင်း အခက်အခဲတွေကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဘက်က ညှိနှိုင်းပြီး အခုလိုလက်နက်ချလိုက်တာဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ဘက်ကပါ သတင်းထုတ်ပြန်တာမရှိသေးသလို နှစ်ဘက်လုံးက ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဒီနေ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။



စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှတော့ လောင်ကိုင်က ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တစ်ခုလုံး ဆုတ်ခွာတာမဟုတ်ဘဲ မြို့ခံပရဟိတအဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ တပ်အသီးသီးက မိသားစုဝင်တွေနဲ့ ဒဏ်ရာရစစ်သည်တွေကို လာရှိုးသို့ ထွက်ခွာခွင့်ရရေး ဆောင်ရွက်တာလို့ ရေးသားဖော်ပြကြပါတယ်။

ဇန်နဝါရီလ ၅ ရက် ဒီနေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ဟိုပန်မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဟိုပန်မြို့ခံတွေက ပြောကြပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်သား ၅၅၀ ကျော် လက်နက်ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောထားပါတယ်။

Buz Blogger January 05, 2024
Read more ...