Results for Weather News

 ဧရာဝတီတိုင်း၊ လပွတ္တာမြို့ ပေါ်ကို မုန်တိုင်းအတွက် လာရောက်ခိုလှုံသူဟာ ဒီနေ့အထိ လူပေါင်း ရှစ်ထောင်ကျော် အထိရှိလာတယ်လို့ သိရတယ်။


ပင်လယ်ကမ်းခြေတွေနဲ့နီးတဲ့ ရေကျော်၊ ကိုင်းတောင်၊ ပြင်စလူ၊ စလူဆိပ်၊ ကွင်းပေါက်၊ သစ်ပုတ်၊ ပဒဲကော စတဲ့ ရွာပေါင်း ၇၀ ကျော်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့လောက်ကစလို့ လပွတ္တာမြို့ ပေါ်ကို လာရောက် ခိုလှုံနေကြတာပါ။
လက်ရှိမှာ မုန်တိုင်းရှောင်ဒေသခံတွေဟာ လပွတ္တာမြို့ပေါ်က ကိုးနဝင်းကျောင်း၊ သရက်တောကျောင်း၊ လေးထပ်ကျောင်း၊ ဓမ္မိကာရုံကျောင်း၊ စည်ပင်သာယာကျောင်း၊ ပရဟိတကျောင်း စတဲ့ ဘုန်းကြီးကျောင်းတွေပေါ်မှာ ခိုလှုံနေကြတယ်လို့ မုန်တိုင်းရှောင်တွေကို ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"၆ ရက်နေ့ကတည်းက ရောက်နေကြတာပါ။ လပွတ္တာမြို့မှာ ဘုန်းကြီးကျောင်း ၄၀ ကျော်ရှိတယ်။ တစ်ကျောင်းမှာ သုံးရာ၊ လေးရာ ဆံ့သလောက် ထားထားတယ်။ တချို့တွေလည်း သူတို့ဘာသာ ချက်စားကြတာ ရှိသလို ဘုန်းကြီးကျောင်းတွေကလည်း ချက်ကျွေးတယ်၊ ရပ်ကွက်တွေကလည်း ထမင်းထုပ်တွေ နိုင်သလောက် ဝေပေးကြပါတယ်"
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မိုခါမုန်တိုင်းဟာ ပိုမိုအားကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိနေပြီး မုန်တိုင်းလမ်းကြောင်းနဲ့ မလွတ်ကင်းတဲ့ ဒေသတွေနဲ့ ပင်လယ်ကမ်းရိုးတန်းမှာ နေထိုင်သူတွေကို ဘေးလွတ်ရာကို ရှောင်တိမ်းဖို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက မေလ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန် တိုက်တွန်းထားပါတယ်။

မုန်တိုင်းဟာ ကိုကိုးကျွန်းမြို့ရဲ့ အနောက်နဲ့ အနောက်တောင်ဘက် ရေမိုင် ၃၆၅ မိုင်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်နဲ့ အနောက်တောင်ဘက် ရေမိုင် ၄၇၅မိုင်၊ စစ်တွေမြို့ရဲ့ တောင်နဲ့ အနောက်တောင်ဘက် ရေမိုင် ၆၁၅ မိုင်က ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
ပြင်စလူရွာကနေ လပွတ္တာမြို့ကို မုန်တိုင်းရှောင်ဖို့ ရောက်ရှိနေတဲ့ ဒေသခံတစ်ဦးကတော့ နာဂစ်လိုမျိုး ထပ်ကြုံရမှာကြောက်တာကြောင့် မုန်တိုင်းသတိပေးချက်တွေကို နားထောင်နေတယ်လို့ ပြောပါတယ်။
"နာဂစ်တုန်းက တစ်မျိုးလုံး ပါသွားခဲ့တာပါ။ အစ်ကို၊ အစ်မ၊ ညီမတွေရော သူတို့ကလေးတွေ၊ ယောကျ်ားတွေ အကုန်မိသားစုလိုက် ပါကုန်တော့၊ ထပ်ဖြစ်မှာ ကြောက်တယ်။ ဒါကြောင့် ရွာမှာ ကျွန်မအရင်ဆုံး မုန်တိုင်းရှောင်ဖို့ ထွက်ခဲ့တာ။ ရွာမှာ Shutter တွေ ရှိပါတယ်။ ဒါပေမဲ့ ရွာလုံးကျွတ်နေဖို့က လူမဆံ့ဘူး၊ အဒါကြောင့် လပွတ္တာကိုပဲ တက်ခဲ့တာ၊ တချို့လူတွေလည်း မြောင်းမြအထိကို တက်ရှောင်ကြတယ်"
လပွတ္တာမြို့ကနေ ပင်လယ်ကမ်းရိုးတန်းရွာတွေကို ပြေးဆွဲနေတဲ့ စက်လှေတွေ၊ အမြန်ရေယာဉ်တွေလည်း မေလ ၁၀ ရက်နေ့ကတည်းက ဂိတ်တွေပိတ်လိုက်ပြီလို့ ဆိုပါတယ်။
မေလ ၁၃ ရက်နဲ့ ၁၄ ရက်မှာ တိုက်ခတ်နိုင်တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို နိုင်ငံတစ်ဝန်းက ပြည်သူ နှစ်သန်းကျော် ခံစားရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
ဧရာဝတီတိုင်းဟာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရပြီး အနည်းဆုံး လူ ၁၃၈,၃၇၃ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲမှာ လပွတ္တာမြို့နယ် တစ်မြို့နယ်တည်းကနေ သေဆုံးသူ ရှစ်သောင်းခန့် ပါဝင်ပါတယ်။
Source: RFA
Buz Blogger May 11, 2023
Read more ...

 ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး လူပေါင်း ၂ သန်းကျော် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က ယနေ့ (မေ ၁၁ ရက်) တွင် ထုတ်ပြန်သည်။



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ့် နိုင်ငံ ကော့ဘဇားဒေသသို့ ဝင်ရောက်ရန် ဦးတည်နေသည့် အဆိုပါ မုန်တိုင်းသည် တစ်နာရီလျှင် ၁၀၃ မိုင်ကျော် တိုက်ခတ်နိုင်ကြောင်း GDACS က ခန့်မှန်းထားသည်။ မုန်တိုင်းဝင်ရောက်စဉ် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ကျော်၊ မကွေးတိုင်းအတွင်းမှ လူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့သည် အန္တရယ်ရှိသည့် လေပြင်းတိုက်ခတ်မှု ခံရနိုင်သည်ဟု GDACS က ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ချင်းပြည်နယ်ပလက်ဝမြို့တို့လည်း ထိခိုက်မှုရှိနိုင်ပြီး စစ်တွေ၊ ထီးလင်းနှင့် ဂန့်ဂေါလေယာဉ်ကွင်းများလည်း ထိခိုက်နိုင်ကြောင်း GDACS က ဖော်ပြသည်။
အားအလွန်ကောင်းသည့် မုန်တိုင်းသည် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင် ဘင်္ဂလားဒေ့ရှ့် နိုင်ငံ ကော့ဘဇားဒေသသို့ ဝင်ရောက်နိုင်ကြောင်း မြန်မာမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (မေ ၁၁ ရက်) ၇ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။
လတ်တလောတွင် မုန်တိုင်းငယ်သည် တစ်နာရီ ၅ မိုင်နှုန်းဖြင့် ရွေ့လျားနေပြီး ယနေ့ညနေ ၅း၃၀ အချိန်တွင် အားကောင်းသည့် မုန်တိုင်း မိုခါအဖြစ်သို့ ပြောင်းလဲသွားမည်ဟုလည်း အိန္ဒိယနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနကလည်း ထုတ်ပြန်သည်။
မေလ ၁၂ ရက်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကာ မေလ ၁၃ ရက် ညနေပိုင်းတွင် အပြင်ထန်ဆုံးမုန်တိုင်းအဖြစ်ရောက်ရှိနိုင်သည်ဟု အိန္ဒိယနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက ဆိုထားသည်။
(ပုံစာ − GDACS က ထုတ်ပြန်ထားသည့် မုန်တိုင်းလမ်းကြောင်းပြ မြေပုံ)
Source: Myanmar Now
Buz Blogger May 11, 2023
Read more ...