မုန်တိုင်း မိုခါကို အနီရောင်အဆင့်သတ်မှတ် လူပေါင်း ၂ သန်းကျော် ထိခိုက်နိုင်

 ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး လူပေါင်း ၂ သန်းကျော် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) က ယနေ့ (မေ ၁၁ ရက်) တွင် ထုတ်ပြန်သည်။



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ့် နိုင်ငံ ကော့ဘဇားဒေသသို့ ဝင်ရောက်ရန် ဦးတည်နေသည့် အဆိုပါ မုန်တိုင်းသည် တစ်နာရီလျှင် ၁၀၃ မိုင်ကျော် တိုက်ခတ်နိုင်ကြောင်း GDACS က ခန့်မှန်းထားသည်။ မုန်တိုင်းဝင်ရောက်စဉ် ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ကျော်၊ မကွေးတိုင်းအတွင်းမှ လူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့သည် အန္တရယ်ရှိသည့် လေပြင်းတိုက်ခတ်မှု ခံရနိုင်သည်ဟု GDACS က ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့၊ ချင်းပြည်နယ်ပလက်ဝမြို့တို့လည်း ထိခိုက်မှုရှိနိုင်ပြီး စစ်တွေ၊ ထီးလင်းနှင့် ဂန့်ဂေါလေယာဉ်ကွင်းများလည်း ထိခိုက်နိုင်ကြောင်း GDACS က ဖော်ပြသည်။
အားအလွန်ကောင်းသည့် မုန်တိုင်းသည် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင် ဘင်္ဂလားဒေ့ရှ့် နိုင်ငံ ကော့ဘဇားဒေသသို့ ဝင်ရောက်နိုင်ကြောင်း မြန်မာမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (မေ ၁၁ ရက်) ၇ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။
လတ်တလောတွင် မုန်တိုင်းငယ်သည် တစ်နာရီ ၅ မိုင်နှုန်းဖြင့် ရွေ့လျားနေပြီး ယနေ့ညနေ ၅း၃၀ အချိန်တွင် အားကောင်းသည့် မုန်တိုင်း မိုခါအဖြစ်သို့ ပြောင်းလဲသွားမည်ဟုလည်း အိန္ဒိယနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနကလည်း ထုတ်ပြန်သည်။
မေလ ၁၂ ရက်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကာ မေလ ၁၃ ရက် ညနေပိုင်းတွင် အပြင်ထန်ဆုံးမုန်တိုင်းအဖြစ်ရောက်ရှိနိုင်သည်ဟု အိန္ဒိယနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက ဆိုထားသည်။
(ပုံစာ − GDACS က ထုတ်ပြန်ထားသည့် မုန်တိုင်းလမ်းကြောင်းပြ မြေပုံ)
Source: Myanmar Now

No comments: