ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ပြီးနောက် လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်လိုက်ပြီလို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ဇန်နဝါရီလ ၅ ရက်နေ့မှာ RFA ကို အတည်ပြုပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က လောက်ကိုင်မှာကျန်နေတဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့တာဖြစ်ပြီး လက်နက်ချတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးကို ပို့ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
လောက်ကိုင်မြို့က ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးကလည်း လောက်ကိုင်မြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်လိုက်တာမှန်ကန်ကြောင်း RFA ကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက လောက်ကိုင်မြို့ကို ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေအားလုံးကို MNDAA က ဖြတ်တောက်ထားခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်နဲ့ နှစ်မိုင်သာ ဝေးတဲ့ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်က လေးမျက်နှာ ဘုရားကုန်းအထိ MNDAA တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာပါ။
စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး အပြင်းအထန် ကာကွယ်ခဲ့ပေမယ့် စစ်ကူနဲ့ ရိက္ခာလမ်းကြောင်း အခက်အခဲတွေကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဘက်က ညှိနှိုင်းပြီး အခုလိုလက်နက်ချလိုက်တာဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက RFA ကို ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ဘက်ကပါ သတင်းထုတ်ပြန်တာမရှိသေးသလို နှစ်ဘက်လုံးက ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဒီနေ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှတော့ လောင်ကိုင်က ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တစ်ခုလုံး ဆုတ်ခွာတာမဟုတ်ဘဲ မြို့ခံပရဟိတအဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ တပ်အသီးသီးက မိသားစုဝင်တွေနဲ့ ဒဏ်ရာရစစ်သည်တွေကို လာရှိုးသို့ ထွက်ခွာခွင့်ရရေး ဆောင်ရွက်တာလို့ ရေးသားဖော်ပြကြပါတယ်။
ဇန်နဝါရီလ ၅ ရက် ဒီနေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ဟိုပန်မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဟိုပန်မြို့ခံတွေက ပြောကြပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်သား ၅၅၀ ကျော် လက်နက်ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောထားပါတယ်။


No comments: