၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာတွင် ဗဟိုဖြန့်ထွက်စနစ်သစ် လိုအပ်

၁၀၂၇ စစ်ဆင်ရေးသည် အာဏာချိန်ခွင်လျှာကို မြန်မာစစ်တပ်ဘက်မှ တော်လှန်ရေး အင်အားစုများဘက်သို့ ပြောင်းစေသောအခါ မြေပြင်မှ လူမှုနိုင်ငံရေး ပကတိအခြေအနေများသည် သမားရိုးကျ နိုင်ငံတော်ပုံစံကိုသာမက ဖက်ဒရယ်ဝါဒ ဆွေးနွေးမှုများကိုပင် ကျော်လွန်သွားပြီး အနောက်နိုင်ငံများ၏ ကိုလိုနီစနစ်မတိုင်မီက အရှေ့တောင်အာရှ ဒေသခံ အုပ်ချုပ်ရေးပုံစံဖြစ်သည့် Mandala order မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို ကျင့်သုံးရန် တောင်းဆိုလာသည်။


မြန်မာ၏ အနာဂတ်သည် “အမျိုးသား/ဖက်ဒရယ်စစ်တပ်” နှင့် “ဗဟိုနိုင်ငံတော်” ပြန်လည် ထူထောင်ခြင်းကို ငြင်းပယ်သည့် ပြောင်းလဲသွားသော နိုင်ငံရေးရည်မှန်းချက်ကို ဗဟိုပြုသည်။ ပကတိအခြေအနေက တောင်းဆိုသည့် အမျိုးမျိုးသော အုပ်ချုပ်ရေးစနစ်များ ပေါ်ပေါက်လာခြင်းကို သက်ဆိုင်သူအားလုံး ချိန်ညှိလက်ခံနိုင်ရန် ထိုအခြေခံစနစ် အပြောင်းအလဲကို လက်ခံရန် လိုအပ်သည်။ နောက်တဆင့်မှာ ထိုစနစ်များသည် ဒီမိုကရေစီကျမှု၊ အားလုံးအကြုံးဝင်မှု၊ အပြုသဘောဆောင်သော တုံ့ပြန်မှုနှင့် ကောင်းစွာညှိနှိုင်းမှု ရှိရမည်ဟု မိမိတို့ တောင်းဆိုသည်။

မြန်မာ့စီးပွားရေးသည် စစ်ကာလစီးပွားရေးသို့ ပြောင်းလဲသွားပြီဖြစ်သည်။ စစ်ကောင်စီဘက်က ကြည့်လျှင် မကြာသေးမီက ကမ္ဘာ့ဘဏ်က ဖော်ပြသည့်အတိုင်း ဘဏ်များမှ ငွေကြေးစုပြုံထုတ်ယူခြင်း၊ ငွေကြေးဖောင်းပွမှု၊ ကျေးလက်ဒေသများတွင် ရွာမီးရှို့ခြင်းကြောင့် လယ်ယာ မစိုက်ပျိုးနိုင်ခြင်းနှင့် အများပြည်သူဝန်ဆောင်မှုအတွက် အသုံးစရိတ်လျော့နည်းပြီး စစ်အသုံးစရိတ် မြင့်မားလာခြင်းတို့ကြောင့် ပြည်တွင်း စီးပွားရေး ပြိုလဲသွားပြီ ဖြစ်သည်။ နိုင်ငံတကာဖိအား၊ အရေးယူပိတ်ဆို့မှုများနှင့်အတူ မြင့်မားသော ဒေါ်လာငွေ လဲလှယ်နှုန်းနှင့် လေယာဉ်ဆီ၊ ဓာတ်ဆီဈေးနှုန်းသည် လောင်စာမှီခိုရသော ၎င်းတို့အုပ်ချုပ်ရေးကို မတည်မြဲနိုင်အောင် ဖြစ်စေသည်။

တော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) များဘက်ကကြည့်လျှင် ၁၀၂၇ စစ်ဆင်ရေးသည် ကြီးမားသော လူထုထောက်ခံမှုရှိပြီး ရင်းမြစ်များစီးဆင်းမှုရှိကာ ပြောက်ကျားနည်းဗျူဟာမှ ကောင်းစွာညှိနှိုင်းဆောင်ရွက်သော ထိုးစစ်သို့ ကူးပြောင်းလာသည့် သင်္ကေတဖြစ်သည်။ မြန်မာပြည်သူများသည် မကြုံဖူးသော အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း တည်ငြိမ်မှု ပြန်လည်ရရှိစေမည်ဆိုလျှင်ပင် စစ်တပ်ဘက်က အောင်နိုင်သည်ကို လိုလားပုံမရပေ။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်၏ မကြုံစဖူး တပ်စွန့်ခွာ ဘက်ပြောင်းမှုများက ပြသနေသည့်အတိုင်း စစ်သားများအကြား စိတ်ဓာတ်ကျဆင်းမှုနှင့်အတူ ပိုမိုကျယ်ပြန့်သော သုံးသပ်ချက်နှင့် စီးပွားရေး သရုပ်ခွဲလေ့လာမှုများအရ စစ်တပ်သည် ယခု စစ်ပွဲကို ဆက်လက် တိုက်ခိုက်နိုင်တော့မည်မဟုတ် ဆိုသည့်အချက်ကို ပြသနေသည်။

ဗိုလ်ချုပ်များက နိုင်ငံရေးထွက်ပေါက်ကို စိတ်မဝင်စားသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် တော်လှန်ရေးကို ပြတ်ပြတ်သားသား ထောက်ခံရန် စိတ်အားထက်သန်ခြင်းမရှိကြဘဲ ၎င်းတို့၏ အကျိုးစီးပွားများကိုသာ ကာကွယ်လိုကြသည်။ မြွေမသေ တုတ်မကျိုးဆိုသည့် ရပ်တည်မှုမျိုးဖြစ်သည်။ ထောက်ခံမှု အနည်းငယ်သာပေးသော်လည်း ယခုအခါ ၎င်းတို့သည် မြန်မာ့အနာဂတ်၊ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် EAOs များ မည်သို့လုပ်သင့်သည်ကို ဘဝင်မြင့်ကာ ဆွေးနွေးနေပြီး “အာဏာလစ်ဟာနယ်ပယ်” နှင့် “နိုင်ငံရေး တစစီပြိုခြင်း” အတွက် အစိုးရိမ်လွန်နေကြသည်။

ထိုရပ်တည်ချက်မှာ စစ်တပ်ပြိုကွဲသွားပြီးနောက် ပိုမိုပြင်းထန်သည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခဖြစ်လာမည်ဆိုသည့် နိုင်ငံရေးသမားနှင့် သုတေသီများ၏ ပြောဆိုချက်မှဖြစ်လာသော ရပ်တည်ချက်ဖြစ်သည်။ ထိုသို့သော အယူအဆမှာ မှားယွင်းရုံသာမက ၎င်းတို့ မျှော်လင့်ထားသည့် ဖရိုဖရဲ အခြေအနေများကိုပင် ဖြစ်စေနိုင်သည်။

ဖရိုဖရဲဖြစ်မှုနှင့် အကြမ်းဖက်မှုများသည် အကြောင်းနှစ်ခုကြောင့်သာ ဖြစ်နိုင်ကြောင်း မိမိတို့ အလေးထား ပြောလိုသည်။ ပြင်ပအနေဖြင့်ကြည့်ပါက ဗဟိုထိန်းချုပ်မှု မရှိသောကြောင့် မဟုတ်ဘဲ ဗဟိုထိန်းချုပ်မှုကို ပြန်လည်ထူထောင်ရန် ကြိုးစားခြင်းကြောင့် ဖြစ်နိုင်ပြီး အတွင်းပိုင်းအားဖြင့် ကြည့်ပါက အမျိုးမျိုးသော တိုင်းရင်းသားများ နေထိုင်သည့် ဒေသများတွင် သီးသန့် တိုင်းရင်းသားအခြေပြုစနစ်များ ထူထောင်ရန် ကြိုးစားမှုကြောင့် ဖြစ်နိုင်သည်။

“နိုင်ငံရေးအရ အစိတ်စိတ်အမွှာမွှာကွဲခြင်း” ကို အဓိကအားဖြင့် စိုးရိမ်ပူပန်နေသည်မှာ သုတေသီများနှင့် ရေပေါ်ဆီလူတန်းစားများသာ ဖြစ်သည်။ ရှည်ကြာစွာ တည်တံ့နေသည့် ဝ ပြည်နယ်ကဲ့သို့ နှစ်ဦး သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံရေးအာဏာပိုင်များက အုပ်ချုပ်နေသည့် Mandala order မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ် နိုင်ငံရေး အစီအမံကို အတွေ့အကြုံရှိပြီးဖြစ်သည့် သာမန်ပြည်သူများ မဟုတ်ပေ။ ထိုအချက်သည် နိုင်ငံရေး ရေပေါ်ဆီများအတွက် ထူးဆန်းသော အယူအဆဖြစ်နိုင်သော်လည်း သာမာန်ပြည်သူများအတွက် အလွန်လက်တွေ့ကျပြီး ပကတိ အခြေအနေမှန်ဖြစ်သည်။

မြေပြင်မှ ပကတိအခြေအနေများက သမားရိုးကျပုံစံ နိုင်ငံတော်စနစ်ထက် ကျော်လွန်သည့် အယူအဆသစ်ကို တောင်းဆိုသည်။ ယခုအချိန်သည် ပြည်သူများကို ဗဟိုချုပ်ကိုင်မှု ကျယ်ကျယ်ပြန့်ပြန့် ‌ဖြေလျှော့သည့် ဖက်ဒရယ်စနစ်တခု ကျင့်သုံးခြင်းထက် ၎င်းတို့အသားကျပြီးသည့် အုပ်ချုပ်ရေးစနစ်တခုကို ပေးရန် အခွင့်အခါသင့်သော အချိန်ဖြစ်သည်။ ဖက်ဒရယ်စနစ်ကို ထူထောင်ခြင်းသည်ပင် တစုံတရာသော အတိုင်းအတာရှိ ဗဟိုအာဏာပိုင်ဖြစ်သည့် “ဖက်ဒရယ်အစိုးရ” ကို မလွှဲသာမရှောင်သာ လိုအပ်နေသည်။

နိုင်ငံတော်စနစ်ကို မှီခိုသည့် ထိုသို့သော ပုံစံများသည် NUG သို့မဟုတ် ထိုကိစ္စကို တာဝန်ယူရသည့် မည်သူမဆိုအတွက် တခုတည်းသော နိုင်ငံရေး ဦးဆောင်မှုနှင့် ရည်မှန်းချက်အောက်တွင် EAOs အားလုံးကို ညီညွတ်အောင် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ ထိုကိစ္စသည် မဖြစ်နိုင်သလောက်ပင်ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခုကျော်အတွင်း မည်သည့် နိုင်ငံရေးသမားမှ မလုပ်ဆောင်နိုင်ခဲ့သော ကိစ္စဖြစ်သည်။

ဗဟိုကွပ်ကဲမှုထူထောင်ရေး လက်ရှိ စိတ်အားထက်သန်မှုသည် အနောက်တိုင်း သုတေသီများ၏ အယူအဆမှ လာသည်။ အတိုက်အခံ အင်အားစုများအကြား ညီညွတ်မှု မရှိခြင်းကြောင့် ပြည်ပအစိုးရများက အဓိပ္ပာယ်ပြည့်ဝသည့် အကူအညီ မပေးခြင်းဖြစ်သည်ဟု အနောက်တိုင်းသုတေသီများက ပြောဆိုကြသည်။ NUG နှင့် EAOs များသည် တခုတည်းသော နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ဗဟိုကွပ်ကဲမှု ထူထောင်ရမည်ဟု နိုင်ငံတကာ မူဝါဒချမှတ်သည့် အသိုက်အဝန်းက တောင်းဆိုလျှင် ထိုကိစ္စသည် အောင်မြင်မည် မဟုတ်ကြောင်း ထင်ရှားသည်။

အတိုက်အခံအင်အားစုများက စစ်ကောင်စီကို ဖြုတ်ချရန် ဘုံရည်မှန်းချက် ရှိကြသော်လည်း မြေပြင် ပကတိ နိုင်ငံရေးအခြေအနေသည် တခုတည်းသော ဗဟိုကွပ်ကဲမှု သို့မဟုတ် ပူးတွဲကွပ်ကဲမှုကို ဆန့်ကျင်သလောက် နီးနီးဖြစ်နေသည်။ ထင်ရှားသော ဥပမာတခုမှာ ချင်းပြည်နယ်ဖြစ်ပြီး ချင်းပြည်နယ်တွင် စစ်ရေးအောင်မြင်မှု ရှိသော်လည်း နိုင်ငံရေးသမားများသည် ကြီးထွားနေသည့် ပထဝီအနေအထားနှင့် ဘာသာဗေဒ ကွဲပြားမှုများကို အခြေခံသည့် အတွင်းပိုင်း သဘောထားကွဲလွဲမှုများကို ရင်ဆိုင်နေရသည်။

အလားတူစွာပင် ရှမ်းပြည်နယ်တွင်လည်း ဒေသခံ ရှမ်းအုပ်စုများသည် အချိုးနှိမ်ခံရခြင်းကို စိတ်ပျက်နေကြပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နှင့် ပတ်သက်သော ကာလရှည်ကြာသည့် နာကျည်းချက်များ ရှိကြသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်လည်း အတိုက်အခံ လက်နက်ကိုင်အုပ်စုများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအကြား ပဋိပက္ခများ ရှိသည်။ တချိန်တည်းတွင် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က အခြားအုပ်စုများ၏ ရည်မှန်းချက်များနှင့်မတူဘဲ ကွန်ဖက်ဒရေးရှင်းစနစ် လုပ်ဆောင်ရန် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို အထိအလင်း ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေသည် ၁၃ ရာစုက ပုဂံအင်ပါယာ ပြိုကွဲပြီးနောက် သမိုင်းခေတ်ကို ပြန်လည်အမှတ်ရစရာ ဖြစ်သည်။ ထိုစဉ်က နိုင်ငံရေး ဦးဆောင်မှုကင်းမဲ့သည့် နှစ်ပေါင်း ၂၅၀ ကို ကြုံတွေ့ရပြီး တိုင်းလူမျိုးစုက လန်းနဘုရင့်နိုင်ငံ ထူထောင်ခြင်း အပါအဝင် မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ ဟံသာဝတီ၊ အင်းဝ စသည့် အမျိုးမျိုးသော ဒေသအကန့်အသတ်ရှိသည့် ဘုရင့်နိုင်ငံငယ်များ ပေါ်ပေါက်လာခဲ့သည်။

လက်ရှိအချိန်တွင် အုပ်စုအမျိုးမျိုးတို့သည် သက်ဆိုင်ရာဒေသများကို ထိန်းချုပ်ထားကြပြီး ထိရောက်သော အုပ်ချုပ်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုများ လိုအပ်နေသည်။ ဥပမာအားဖြင့် ဆိုရပါက ချင်းလူမှုအသိုက်အဝန်းများသည် အိန္ဒိယ-မြန်မာ နယ်စပ်မြို့များကို စီမံအုပ်ချုပ်နေပြီး တရုတ်နယ်စပ်တွင် အုပ်ချုပ်ရေး စတင်သည့် MNDAA သည် အခြားအုပ်စု အမျိုးမျိုးနှင့် ရှုပ်ထွေးသော ဆွေးနွေးမှုများ ပြုလုပ်ရမည် ဖြစ်သည်။ အလားတူစွာ ယခုအခါ ကောလင်းကို ထိန်းချုပ်ထားသည့် NUG သည် ထိရောက်သော အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအာဏာစနစ်သည် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ရှုပ်ထွေးသော မဟာမိတ်များ၏ မဏ္ဍလ စနစ် သဘောသဘာဝကို ထင်ဟပ်နေပြီး ထိုစနစ်သည် မဝေးကွာသေးသော အတိတ်က ဒေသခံပြည်သူများ အကျွမ်းတဝင်ရှိသည့် စနစ်တခုဖြစ်သည်။

မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်သည် ခေတ်သစ် နိုင်ငံပုံစံ နိုင်ငံတော်စနစ်နှင့်မတူဘဲ နိုင်ငံရေးအာဏာဗဟိုချက် အများအပြားရှိပြီး ဗဟိုချက်မှဝေးလေ အာဏာကျဆင်းလေ ပုံစံ နိုင်ငံတော်များကဲ့သို့ ကောင်းစွာ သတ်မှတ်ထားသည့် နယ်နိမိတ်မရှိဘဲ သေချာစွာ သတ်မှတ်မထားသည့် ဝင်ထွက်လွယ်သော နယ်နိမိတ်များရှိမည် ဖြစ်သည်။

အဆိုပါ မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်အတွင်းတွင် နိုင်ငံရေးယူနစ်များသည် အထက်အောက် အဆင့်ဆင့်တည်ရှိပြီး လက်အောက်ခံနည်းကာ အရှင်သခင်ဘုရင်တဦး ရှိနိုင်သည်။ သစ္စာခံမှုများသည် မတည်ငြိမ်ဘဲ ရောထွေးနေနိုင်ပြီး ထိုင်းသမိုင်းပညာရှင် သောင်ချိုင် ဝီနီချာကူ ပြောသည့်အတိုင်း ဆိုရပါက “ဘုရင်တပါးစီတွင် သီးခြားနန်းတော်၊ အုပ်ချုပ်ရေးစနစ်၊ ဘဏ္ဍာရေးစနစ်၊ အခွန်စနစ်၊ စစ်တပ်နှင့် တရားစီရင်ရေး စနစ်များရှိသည်” ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ထိုနိုင်ငံရေး ယူနစ်များသည် သိသာထင်ရှားသော ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းထားနိုင်ကြသည်။

သစ်လွင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်သည့် မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို တောင်းဆိုခြင်း

သစ်လွင်ပြီး လိုက်လျောညီထွေ တုံ့ပြန်နိုင်သည့် မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို တောင်းဆိုခြင်းနှင့်အတူ ပိုမိုအာရုံစိုက်ရမည့်အချက်မှာ ဖက်ဒရယ်/အမျိုးသား တပ်မတော် ထူထောင်ရန် ကြိုးစားခြင်း မဟုတ်ဘဲ ဒီမိုကရေစီကျ၊ အားလုံးပါဝင်၊ ကိုယ်စားပြုသော အုပ်ချုပ်ရေး ပေါ်ပေါက်ရေးဖြစ်သည်။

ထိုချဉ်းကပ်ပုံနည်းလမ်းတွင် (၁) ဖက်ဒရယ်ဖြစ်စေ၊ ကွန်ဖက်ဒရယ်ဖြစ်စေ မြန်မာနိုင်ငံတဝန်းတွင် အမျိုးမျိုးသော အုပ်ချုပ်ရေးပုံစံများ ပေါ်ပေါက်လာခြင်းကို အသိအမှတ်ပြုခြင်း၊ (၂) ဆက်လက် ရပ်တည်နိုင်ရေး လတ်တလော စိုးရိမ်ပူပန်မှုဖြစ်နေသော ဒေသခံများအတွက် ထိရောက်သော ဒေသဆိုင်ရာ အုပ်ချုပ်မှုပေး‌ရေးသည် နိုင်ငံတကာ အသိအမှတ်ပြုမှုထက် အရေးပါကြောင်း လက်ခံပြီး သိမ်းပိုက်ထားသော နယ်မြေများတွင် ဒီမိုကရက်တစ်၊ အားလုံးအကျုံးဝင်၊ ကိုယ်စားပြုသော အုပ်ချုပ်ရေး ထူထောင်ရန် ဦးစားပေးခြင်း၊ (၃) ဗဟိုကွပ်ကဲမှုစနစ် တည်ထောင်ခြင်းအတွက် အချိန်နှင့် ရင်းမြစ်များ အသုံးပြုခြင်းကို ရှောင်ရှားပြီး မတူညီသော နိုင်ငံရေးယူနစ်များအကြား ညှိနှိုင်းဆောင်ရွက်မှုများကို ပျိုးထောင်ခြင်းတို့ ပါဝင်သည်။

ပိုမိုအရေးပါနိုင်သည့်အချက်မှာ မြန်မာမှ နိုင်ငံရေးစနစ်သစ် သို့မဟုတ် စနစ်သစ်များသည် ရှမ်းပြည်ဖြစ်စေ၊ ရခိုင်ပြည်ဖြစ်စေ၊ စစ်ကိုင်းတိုင်းဖြစ်စေ ဒေသများတွင် လူမျိုး အမျိုးမျိုးနေထိုင်သည်ကို အသိအမှတ်ပြုပြီး ကျဉ်းမြောင်းသော လူမျိုးစုလက္ခဏာကို ကျော်လွှားနိုင်ရမည်ဖြစ်သည်။ လက်ရှိ လက်နက်ကိုင် ပဋိပက္ခများတွင် လူမျိုးစုချင်း တင်းမာမှု မြင့်မားလာသည်ကို တွေ့ရသောကြောင့် ရခိုင် သို့မဟုတ် ရှမ်းပြည် ကဲ့သို့သော နေရာများမှ လူမျိုးစုအခြေပြု နိုင်ငံရေးစနစ်သည် ကပ်ဆိုးဖြစ်ပေါ်စေမည့် နည်းလမ်းဖြစ်သည်။

ထိုအမြင်အရ ဗမာပြည် တည်ထောင်ခြင်းသည် ဗဟိုအပူပိုင်းဒေသတွင် အစိုးရအဆက်ဆက် ဖိနှိပ်ခံရသည့် တရုတ် သို့မဟုတ် ဟိန္ဒူ သို့မဟုတ် မွတ်ဆလင်များသာမက ကွဲပြားခြားနားသော လူမျိုးစုများ နေထိုင်သည်ဆိုသည့်အချက်ကို အလေးမထားရာ ရောက်သည်။ ထိုသို့ လုပ်မည့်အစား မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ကို ထင်ဟပ်သည့် ဒီမိုကရေစီကျပြီး အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေးစနစ် ထူထောင်ရေးကို အာရုံစိုက်ရန် ပိုမိုလုပ်ကိုင်သင့်သည်။

စင်ကာပူနှင့်တူသည့် တပါတီစနစ်များဖြစ်စေ၊ ထိုင်း ဆွီဒင် ဗြိတိန်နှင့်တူသော စည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်စေ၊ တရုတ် သို့မဟုတ် ဗီယက်နမ်နှင့်တူသော ကွန်မြူနစ် စနစ်များဖြစ်စေ ထိုနိုင်ငံရေးယူနစ်သစ်များ၏ တိကျသော အသွင်လက္ခဏာသည် ဒီမိုကရေစီကျပြီး အားလုံး အကျုံးဝင်ကာ လိုက်လျောညီထွေ တုံ့ပြန်သည့် အုပ်ချုပ်ရေးမူများကို လိုက်နာရန် ပိုမိုအရေးပါသည်။ ထိုကိစ္စသည် NUG အပါအဝင် ပြည်တွင်းဇာတ်ဆောင်များ ရည်မှန်းချက်ထားသင့်သော ကိစ္စဖြစ်သည်။ တချိန်တည်းတွင် နိုင်ငံတကာ အသိုက်အဝန်းသည်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ကိုယ်စားပြုမည့် တခုတည်းသော နိုင်ငံရေးအာဏာပိုင်ကို တွန်းအားမပေးဘဲ အထက်ပါကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

မြန်မာ့တော်လှန်ရေး လက်ရှိအဆင့်တွင် လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍကို ငြင်းပယ်မရနိုင်သလို ထိုအုပ်စုများ၏ စစ်ရေးအောင်မြင်မှုသည် မကြုံဖူးသည့် အရပ်သားပါဝင်မှုနှင့် လူထုထောက်ခံမှုမှ ဖြစ်ပေါ်လာသည်ကို သတိရရန် အလွန်အရေးကြီးသည်။ တော်လှန်ရေးသည် လက်နက်ကိုင်အဖွဲ့များကို ဗဟိုမပြုဘဲ ပြည်သူကို ဗဟိုပြုရမည်ဖြစ်ပြီး ထိုအဖွဲ့များသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိကာ ဒီမိုကရေစီမူများကို လိုက်နာရမည်ဖြစ်သည်။

လက်နက်ကိုင် အင်အားစုများကို ဖျက်သိမ်းခြင်းသည် ရေရှည်အတွက် ရည်မှန်းချက် ဖြစ်သော်လည်း လတ်တလော ဦးစားပေးမှာ တခုတည်းသော နိုင်ငံရေးခေါင်းဆောင်မှုအောက်မှ ဗဟိုအမိန့်ပေးကွင်းဆက် တည်ထောင်ရန် အကျိုးမရှိသော အားထုတ်မှုကို ရှောင်ရှားပြီး မဏ္ဍလ ဗဟိုဖြန့်ထွက်စနစ်ပုံစံ နိုင်ငံရေး အစီအမံများ ပေါ်ပေါက်နေခြင်းကို လက်ခံရန် ဖြစ်သည်။

ထိုပေါ်ပေါက်လာသည့် နိုင်ငံရေးယူနစ်များသည် ပြည်သူများ၏ လတ်တလော လိုအပ်ချက်များ ဖြည့်ဆည်းရန် ပြုလုပ်ထားသည့် ဒီမိုကရေစီကျ၊ အားလုံးအကျုံးဝင်၊ လိုက်လျောညီထွေ တုံ့ပြန်သော အုပ်ချုပ်ရေးစနစ်များကို ကိုယ်စားပြုကာ လတ်တလော လိုအပ်နေသည့် အဓိက ဝန်ဆောင်မှုများနှင့် အထောက်အပံ့များ ပေးရမည်ဖြစ်သည်။ လက်ရှိ ပကတိအခြေအနေကို အခြေခံသည့် ထိုနည်းလမ်းသည် မြန်မာပြည်သူများအတွက် ပိုမိုတည်ငြိမ်၊ ကြွယ်ဝချမ်းသာသည့် အနာဂတ်အတွက် လမ်းခင်းပေးသည်။

https://burma.irrawaddy.com/opinion/viewpoint/2024/01/10/378200.html

No comments: