တက္ကသိုလ်နှစ်ဝက် စာမေးပွဲနီးနေလို့ ဒီမနက်စောစော ဘုရားကြီးတောင်ဘက်မုခ်၊
အသောကာရာမတိုက်အတွင်းရှိ မိတ်ဆွေရဟန်းတို့ထံသွားပြီး
စာတမ်းဖတ်ပွဲသွားလုပ်ဖြစ်တယ်။ ကံဆိုးတာက ဒီနေ့မှာပဲ ဘုရားကြီးမြောက်ဘက်မုခ်၊
ဘောလုံးကွင်းထဲမှာ မျိုးစောင့်ဥပဒေအောင်ပွဲဆိုပြီး သင်္ကန်းဝတ်အချို့နဲ့
လူပုဂ္ဂိုလ်အချို့က လော်စပီကာကြီးတွေ အစွမ်းကုန်ဖွင့်ပြီး
မဟာမြတ်မုနိကိုယ်တော်ကြီးမှ အားမနာ (ငါတို့အရိုး စည်းရိုးထိုးပြီး ကာမယ်ဆိုလား
ဘာလား) အဲဒီသီချင်းတွေဖွင့်ပြီး ပါတ်ဝန်းကျင်ကို သောတအာရုံ ဒုက္ခပေးနေလို့
မိတ်ဆွေရဟန်းရဲ့ အခန်းတံခါးကို အလုံပိတ်ခိုင်းခဲ့ရတယ်။
အမှန်တကယ်တော့ အရိုးကို လက်နက်လုပ်ပြီး သာသနာကို ဖျက်စီးနေတာပါ။ ခေတ်ပညာမတတ်၊
အတွေးတိမ်တဲ့ ခပ်နုံနုံသင်္ကန်းဝတ်အချို့သာ အဲဒီပွဲကြီးကို တက်ရောက်တာပါဘုရားဆိုပြီး
အသောကာရာမတိုက်ထဲရှိ မိတ်ဆွေရဟန်းများက ကွန်မန့်ပေးကြတယ်။ ကောင်းလင့်တေးပေတည်း။
ဧဟိပဿိဂုဏ်တောင် ဒီသင်္ကန်းဝတ်အချို့ကြောင့် တဖြည်းဖြည်း အရောင်တွေ မှေးမှိန်လာပြီ၊
မြတ်စွာဘုရားရှင် ကိုယ်တိုင်ကလည်း ခေတ်ပြိုင် ဘာသာခြားပုဂ္ဂိုလ်ကြီးတွေကို
ချိုးနှိမ်ခဲ့တယ်၊ မထီမဲ့မြင်သဘော၊ နိုင်ထက်စီးနင်း ပြုလုပ်ခဲ့တယ်ဆိုတာ
ဘယ်ကျမ်းဂန်ထဲမှာမှ မတွေ့ခဲ့ဖူးပါဘူး။ ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးရိုးမှန်ရင်
ဒါမျိုးတွေကို လုပ်လည်းမလုပ်ကောင်းပါ။ မြတ်စွာဘုရားလည်းမကြိုက်သလို၊ လူနတ်ဗြဟ္မာ
မည်သည့်ပုဂ္ဂိုလ်မဆို ကြိုက်လိမ့်မည်မဟုတ်။ (အတွေးချော်နေတဲ့
သတ္တဝါအချို့ကလွဲရင်ပေါ့)
နေ့လည်ပိုင်းစာတမ်းဖတ်ပြီး နားနေချိန်မှာတော့ ဇာတိမြေက အသိမိတ်ဆွေ
ဘုန်းကြီးတစ်ပါးထံမှ ဖုန်းဝင်လာတယ်။ (ကိုယ်တော်လေး မန္တလေးမြို့
မျိုးစောင့်ဥပဒေအောင်ပွဲကို သွားရောက်အားပေးပြီး၊ အရှင်ဝီရသူရဲ့ သြဝါဒတွေကို
နားမထောင်ဘူးလားတဲ့) ဟာဟ ဘဘုန်းဘုရား တပည့်တော်က ပညာရှိတွေထံကပဲ သြဝါဒတို့၊
မိန့်ခွန်းတို့၊ အားပေးစကားတို့ကို နားထောင်လေ့ရှိတယ်ဘုရား။ ဒါကြောင့်
မစ္စတာရဲရင့်သူရဲ့ပွဲကို သွားရောက်နားထောင်ဖို့ မဆိုထားဘိ၊ စိတ်ကူးထဲတောင်
မထည့်မိဘူးဘုရား။ ဒါပေမယ့် ဒီနေ့ညပိုင်း တီဗွီလိုင်းက တိုက်ရိုက်လွင့်မည့်
ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကိုတော့ စာကြည့်ချိန်ဖျက်ပြီး အသေအချာ
နားထောင်ကြည့်ရှုဖို့ အစီစဉ်ရှိကြောင်းပါဘုရားလို့ ရီပလိုင်းလုပ်ပြီး
ဖုန်းချလိုက်တယ်။ (ဘယ်လိုဘုန်းကြီးနဲ့ လာတွေ့နေပါလိမ့်)
ညနေရောက်တော့ မိတ်ဆွေရဟန်းတွေကို နှုတ်ဆက်ပြီး တက္ကသိုလ်ရှိရာပြန်ဖို့
ဘုရားကြီးအရှေ့မုခ်နားက တက္ကစီသွားငှါးတော့၊ အရှင်ဘုရားက
မျိုးစောင့်ဥပဒေအောင်ပွဲကို လာပြီးပြန်မလို့လားဘုရားတဲ့။ ရော်..... ခက်ပြီ၊
ဒီမယ်တက္ကစီဒရိုင်ဘာ ကျုပ်ရဲ့ ညာဘက်ပခုံးပေါ်မှာ လွယ်ထားတဲ့ အဝါရောင်လွယ်အိတ်ကို
သေချာကြည့် ဘာထူးခြားလဲလို့ ခပ်ဆတ်ဆတ်လေး ပြန်မေးလိုက်တော့၊
(သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဆိုတဲ့ စာသားတွေ့ပါတယ်ဘုရားတဲ့၊) အေး သေချာမှတ်ထား
နောင်ဒီတံဆိပ်တွေ့ရင် မ.ဘ.သ အဖွဲ့ဝင်လားလို့ မမေးမိစေနဲ့ မ.ဘ.သကို
လက်ခံတဲ့သူရှိသလို၊ လက်မခံတဲ့သူတွေလည်းရှိတယ်လို့ ထပ်ဆင့်ပြောကြားလိုက်တော့၊
တပည့်တော်ကလည်း မ.ဘ.သ အဖွဲ့ဝင်မဟုတ်ရင် ပိုလို့တောင်ကြည်ညိုပါသေးတယ်ဘုရား အခု
အရှင်ဘုရားကို ဈေးလျော့ပြီး လိုက်ပို့ပေးပါမယ်ဘုရား ဆီဖိုးသာစွန့်တော်မူပါတဲ့။
(ဒီဒကာကြီးရဲ့အလှူဒါနကို
ကြီးစွာသောမဟာကရုဏာဖြင့် ချီးမြှောက်ပြီး၊ သြဝါဒအချို့ကို မေတ္တာရှေးရှုပြီး
မိန့်ကြားခဲ့ပါတယ်၊ တဆက်တည်း တက္ကစီဒရိုင်ဘာ ဘဝကနေ
ကိုယ်ပိုင်စီးပွားရေးသမားကြီးဘဝကို ရောက်ရှိလိုရင် NLD ပါတီကိုသာ ရဲရဲကြီး မဲပေးလိုက်ပါလို့ အပိုဆောင်း ပြောခဲ့သေးတယ်။)
၂၁.၉.၂၀၁၅
ဓမ္မသုတေသီ
ဓမ္မသုတေသီ


No comments: