Lay Phyu Interviewed - Alinka Journal 1998

Myanmar Famous rocker Lay Phyu was interviewed by local Music leading journal Alinkar in 1998, let see what did they talk about!

  • အဆိုတော်တစ်ယောက် မဖြစ်ခင်က ခင်ဗျား ပထမဆုံးကြည့်ခဲ့ရတဲ့ Show အကြောင်း သိချင်ပါတယ်။
          အဆိုတော် ဟန်တင်၊ အ.မ.က ကျောင်းဝင်း၊ ပြည်တော်သာရပ်၊ တောင်ကြီးမြို့၊ ၁၉၇၄ ဝန်းကျင်၊ ကျွန်တော် ၉ နှစ်သားမှာ တီးဝိုင်း (Stage Show) ကို စတင်တွေ့ဖူးပါတယ်။ Drums ကိုလည်း အဲဒီအခါမှ တွေ့ဖူးပါတယ်။


  • အဲဒီအချိန်တုန်းက Show ကြည့်ရတဲ့ ခင်ဗျားရဲ့စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုကို ပြောပြပါ။
          စတွေ့တာကတော့ ကျွန်တော်ရောက်တော့ ပွဲက စနေပါပြီ။ အဝေးကတည်းက အသံတွေ ကြားနေရတယ်။ တဖြည်းဖြည်းနီးတော့ အသံကျယ်လာတယ်။ တစ်ခါမှ မကြားဖူးတဲ့ ကျယ်နည်းနဲ့ကို ကျယ်ပါတယ်။ နှလုံးတွေက လိုက်ခုန်ပါတယ်။ မြင်ကွင်းကို တွေ့လိုက်တာနဲ့ ဖျဉ်းကနဲ ဖျဉ်းကနဲဖြစ်ပါတယ်။ အငဲနဲ့ ကျွန်တော် တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ငိုင်ကျသွားတာ ပွဲပြီးတဲ့အထိပါပဲ။ နောက်တစ်ပတ်လောက် အဲဒီ အသံကျယ်ကျယ်ကြီးကို စွဲနေပါတယ်။ အဲဒီ Show မှာ အကြိုက်ဆုံးကတော့ “ဒေါက်.. ဒေါက်.. ဘယ်သူလဲ” နဲ့ ကိုဘိုဘိုဟန်သီချင်း “ပန်းရောင်ဝတ်ထားတာ .. တကယ်ပါပဲ လှတယ်” အဲဒီသီချင်းပါ။


  • ပရိသတ်တစ်ယောက်ဘဝအနေနဲ့ ခင်ဗျားကြည့်ခဲ့ရတဲ့ Show တွေအကြောင်း၊ ခင်ဗျားစိတ်ထဲ မှတ်မှတ်ထင်ထင်ရှိနေတဲ့ Show တွေအကြောင်း မှတ်မိသလောက် ပြောပြပါ။
          ကျွန်တော်အခုထိ ပွဲရှိတဲ့နေရာဆို ရောက်ချင်နေပါတယ်။ စိတ်ထဲမှာ မှတ်မှတ်ရရရှိနေတဲ့ Show တွေကတော့ မန္တလေးမှာ၊ တစ်နိုင်ငံလုံးရှိတဲ့ဝိုင်း အကုန်ကြည့်လို့ရပါတယ်။ လွတ်လပ်ရေးပွဲလေ။ မန္တလေးမြောက်ပြင်မှာ ကိုတူးတူးတို့ ၊ ကိုခိုင်ထူးတို့ ၊ ကိုစိုးပိုင်တို့ ရှိသမျှအဆိုတော် အားလုံးကြည့်ချင်ရင် ပိုက်ဆံ ၁၀၀ ပဲ လိုပါတယ်။ စင်က လေးစင် ၊ တစ်စင်ကို အမြင့်ဆုံးတန်းမှ ၂၅ ကျပ်ပါ။
          The Rays (ကိုကျော်ဟိန်း)၊ ပြီးတော့ Play Boys, Lover Boys, The Wild Ones, The Shells (ကိုမောင်)၊ New Waves, Aurora အစုံပါပဲဗျာ။ သူငယ်ချင်းတွေကများတော့ ပိုက်ဆံမတတ်နိုင်ပါဘူး။ မတတ်နိုင်လို့လည်း  ပွဲကို ကျွန်တော်တို့က အနှောက်အယှက်မပေးပါဘူး။ စက်ဘီးလေးအပ်ပြီး ဝိုင်းအပြင်မှာ ငုတ်တုတ်ထိုင် နားထောင်ပါတယ်။ အဲဒီပွဲကန်ထရိုက်တွေက ပြီးခါနီး (ကိုခိုင်ထူး ဆိုခါနီး) ရင် ရုံဖွင့်ပေးပါတယ်။ အဲဒီအချိန်မှ အဲဒီရုံထဲဝင်ပြီး အားပေးပါတယ်။ အဲဒီလို မန္တလေးအောင်ပွဲ (လွတ်လပ်ရေးပွဲ) Show တွေကို နှစ်တိုင်းစောင့်မျှော်ပြီး အားပေးပါတယ်။ ခုထိလည်း အမှတ်ရပြီး လွမ်းပါတယ်။


  • ခင်ဗျားကိုယ်တိုင် စင်ပေါ်ကနေ ဆိုခဲ့ရတဲ့ ခင်ဗျားရဲ့ ပထမဆုံး ဖျော်ဖြေမှုနဲ့ အဲဒီပွဲရဲ့ အနေအထား။
          ပထမဆုံး စင်ပေါ်မှာ Rhythm တီးရတာပါ။ အစဆုံး ဆိုဖူးတာကတော့ မြင်းမူမြို့ရုပ်ရှင်ရုံထဲမှာ၊ အဲဒီပွဲက မင်္ဂလာဆောင်ပွဲပါ။ မနက် ၇ နာရီကနေ နေ့လည် ၂ နာရီလောက်အထိ ထမင်းမစားရဘဲ Bass တီးပြီး ဆိုရတာပါ။ ဒူးတွေ တုန်နေပါတယ်။ ကြောက်တာရော၊ ထမင်းဆာတာရောပေါ့။ ပြီးတော့ စိတ်တိုလာပါတယ်။ ထမင်းမှ မစားရသေးတာဗျာ။ သူတို့ကလည်း သူတို့အပူနဲ့ သူတို့၊ ကျွန်တော်တို့ကို ထမင်းမကျွေးရသေးတာ မေ့နေတယ်ဗျာ။ ပြီးတော့ ကျွန်တော်စီးထားတဲ့ ဘွတ်ဖိနပ်ကလည်း ကျပ်နေတယ်။


  • အဆိုတော်ဘဝမှာ ခင်ဗျားဖျော်ဖြေခဲ့တဲ့ ပွဲတွေအကြောင်း ပြောပြပါ။
          အစုံပါပဲဗျာ။ ပြောရင်လည်း ဆုံးတော့မှာ မဟုတ်ဘူး။ အောင်အောင်မြင်မြင် အဆင်ချောပွဲတွေလည်း ရှိ၊ ကန်ထရိုက်ကွဲတဲ့ပွဲလည်း မနည်းပါဘူး။ ဖျက်လိုဖျက်ဆီး လုပ်ခံရတဲ့ပွဲလည်း ရှိပေါ့လေ။


  • ခင်ဗျားကိုယ်တိုင် အားရခဲ့တဲ့ အမှတ်တရဖြစ်ခဲ့တဲ့ ဖျော်ဖြေပွဲရှိရင် အဲဒီပွဲအကြောင်း ပြောပြပါ။
          ပွဲအားလုံးကိုတော့ ပျော်ပျော်ပါးပါးပဲ ဆိုခဲ့၊ ပျော်ခဲ့၊ ကျေနပ်ခဲ့ပါတယ်။ ပွဲတွေက အခြေအနေတွေ တစ်ခုမှ ဆင်တူမရှိဘူးဗျာ။ တစ်ခုခုတော့ ထူးခြားပြီးမှတ်မိနေတဲ့ ပွဲတွေချည်းပဲ။


  • ခင်ဗျားဆန္ဒရှိတဲ့ Show ပွဲ ပုံစံ။
          ကျွန်တော် ဆိုရရင် ဆိုရပေါ့လေ ၊ မဆိုရလည်း ပရိသတ်အဖြစ် နားထောင်ရ ထောင်ရပေါ့။ ဆန္ဒရှိတဲ့ ပွဲမျိုးက ဒီလိုပါ။ “အောင်ဆန်းကွင်း” လို ကွင်းအကျယ်ကြီးမှာ ညနေ ၃ နာရီ၊ ၄ နာရီလောက်ကနေ ညအဆင်ပြေတဲ့ အချိန်ထိ တီးကြပျော်ကြ (ဆောင်းတွင်းဆို ပိုကောင်းမယ်နော်) ၊ အားလုံးရဲ့ ဆန္ဒကလည်း ကြည့်ချင် ကြည့်မယ်၊ မကြည့်ချင်ရင် အသံနည်းနည်းတိုးတဲ့ဘက်ဆီ ရွှေ့ပြီး အစား စားချင်စား၊ ဆေးလိပ် သောက်ချင်သောက်၊ အဲဒီပွဲဘေးက မြက်ခင်းတွေမှာ ခြေဆန့်လက်ဆန့် ထိုင်လိုထိုင်၊ လှဲလိုလှဲ တပျော်ကြီး ဆိုကြ တီးကြရတဲ့ ပွဲမျိုး၊ ငြိမ်းချမ်းတဲ့ Show မျိုး ဖြစ်ချင်ပါတယ်။


  • ပရိသတ်ဘဝနဲ့ ခင်ဗျားကြည့်ခဲ့ရတဲ့ ပွဲတွေနဲ့ ခင်ဗျားကိုယ်တိုင် စင်ပေါ်ကနေ ဖျော်ဖြေရတဲ့ ပွဲတွေမှာ ဘာတွေ ကွာခြားချက်တွေ ရှိလာသလဲ။
          လက်မှတ်ဈေးတွေ ကုန်ဈေးနှုန်းနဲ့အပြိုင် ကြီးလာတယ်။ မကောင်းဘူး။ “ပျော်စရာ” ကို ဈေးကြီးကြီးနဲ့
ဝယ်ရသလိုကြီး ဖြစ်နေတယ်။ ပြီးတော့ အခုက ဒီအဆိုတော်ကို အားမပေးချင်ရင် လွတ်လပ်စွာ အားမပေးဘဲနေလို့ရအောင် ရွေးချယ်ခွင့်ပေးထားပါလျက်နဲ့ ပြဿနာများလာတယ်။ အရင်က ပွဲလာကြည့်တဲ့ လူတွေက ပွဲကိုပဲ လာကြည့်တာ။ “ပွဲ” ကို “ပွဲ” လို့ စိတ်ထဲမှာထားပြီး ပွဲလာကြည့်တာ။ ပြဿနာတွေကိုလည်း လာကြည့်တဲ့ လူအချင်းချင်းပဲ ညှိနှိုင်း ထိန်းသိမ်းထားနိုင်ခဲ့လို့ အရမ်းနည်းခဲ့ပါတယ်။ ဒါပေမယ့် ၉၇/၉၈ မှာ နည်းနည်းထူးခြားတယ်။ အရမ်းငြိမ်းချမ်းတဲ့ပွဲတွေ ဆက်လာပါတယ်။ ဝမ်းသာပါတယ်။


  • အခု Club တွေမှာ လုပ်နေရတဲ့ Show တွေအပေါ် ခင်ဗျားရဲ့ ခံစားချက်။
          ဒီလိုပါ ကိုနေမျိုးညွန့် .. အခုထိ ပွဲပါမစ်ကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားဖူးဘူး။ အဲဒီပွဲရဲ့ အရှုံးအမြတ်ကိုလည်း ကျွန်တော် အကြားပဲရှိတယ်။ ငွေရေးကြေးရေးလည်း ကျွန်တော် တွက်မကြည့်တတ်ဘူး။ ကျွန်တော် ဆိုရမှာ တီးရမှာကိုပဲ စိတ်ဝင်စားခဲ့တယ်။ တစ်ကမ္ဘာလုံးက ကြည့်ချင်သပဆိုလည်း ဆိုကြတီးကြမှာပဲ။ ဒီလူတစ်ထောင်ကပဲ ကြည့်ချင်နေတာပါဆိုလည်း ဆိုကြတီးကြမှာပဲ။ ခေတ်ကို မလွန်ဆန်ပါနဲ့ဗျာ။ “ဒီနေရာမှာ ဒီလိုပဲ ဆိုရမယ်” ဆိုတဲ့ လမ်းပဲရှိရင် အဲဒီလမ်းပဲ ကျွန်တော်တို့ သွားရုံပါပဲ။ ရွေးဖို့ သိပ်မရှိရင် ရှိတာကိုပဲ ရွေးရတာပါပဲ။ မဟုတ်ရင် ကျွန်တော်တို့သီချင်းတွေ အသက်ရှင်ဖို့ ခဲယဉ်းပါလိမ့်မယ်။


  • ကွင်းပြင်တွေမှာ လွတ်လပ်တဲ့ Show တွေ မဖြစ်တော့တဲ့အပေါ်မှာ ခင်ဗျားရဲ့အမြင်၊ ခင်ဗျားရဲ့ သုံးသပ်ချက်။
          အစစ အရာရာ ခက်ခဲလို့ ကွင်းပြင် Show လည်း ခက်ခဲသွားရတာပါ။


  • Show တွေ နည်းလာတဲ့အတွက် အဆိုတော်တစ်ယောက်ရဲ့ ခံစားချက်။
          ဝမ်းနည်းပါတယ်။


ကိုနေမျိုးညွန့် 
အလင်္ကာ ဂီတဂျာနယ်
အတွဲ ၃၊ အမှတ် ၆။
၁၉၉၈ ခုနှစ်၊ ဇန်နဝါရီ။ 

No comments: