စစ်ကိုင်းတိုင်းက ကောလင်း-ဝန်းသို-ပင်လည်ဘူးလမ်းဆုံနား ဒေသအခေါ် ကျောက်စိမ်းဘုရားအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၉ လောင်းထက်မနည်းကို ဇန်နဝါရီ ၇ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ကောလင်းကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ထုတ်ပြန်လာပါတယ်။
အခုသေဆုံးသူတွေထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က လေဘိုရွာအနီး စစ်တပ် ခြေမြန်တပ်ရင်း (ခမရ-၁၂၀) အနီးမှာ ဖမ်းဆီးခံရတဲ့ စပါးကုန်သည်တွေနဲ့ ကားသမားအချို့ ပါဝင်တယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
သေဆုံးတဲ့သူတွေက ရင်ဘတ်နဲ့ဦးခေါင်းတို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး အဲဒီနေရာအနီးတဝိုက်မှာ စစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံကထုတ်တဲ့ ၅.၅၆ အမျိုးအစား ကျည်ခွံတွေ တွေ့ရှိတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ကောလင်း PDF ဘက်က ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ သေဆုံးခဲ့တဲ့သူတွေဟာ ခြေကျင်းဝတ်တွေချည်နှောင်ခံထားရပြီး လက်ပြန်ကြိုးတုပ်ခံထားရတဲ့ အနေအထားတွေနဲ့ သေဆုံးနေတာတွေ့ရသလို ကောလင်းဒေသခံတစ်ဦးကလည်း ဘီဘီစီကို အဲဒီအခြေအနေနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုပါတယ်။
သေဆုံးတဲ့လူတွေထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်ပြီး အဲဒီထဲက ၅ ယောက်ကိုသာ အတည်ပြုထားနိုင်တယ်လို့ ကောလင်း PDF ဘက်က ကြေညာထားပါတယ်။
အတည်ပြုနိုင်တဲ့ ၅ ယောက်ကတော့ ကောလင်းဒေသခံတွေဖြစ်ပြီး ကျန်ရှိနေတဲ့ ရုပ်အလောင်းတွေကို ဆက်ပြီး အတည်ပြုနေဆဲပဲလို့ ကောလင်း PDF ဘက်က ဘီဘီစီကိုပြောပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်ရဲ့ ဝန်းသိုအခြေစိုက် ခမရ-၁၂၀ ကနေ ကောလင်းမြို့တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကောလင်း PDF ဘက်က ထုတ်ပြန်ထားသလို ဒေသခံတွေကလည်း ပစ်ခတ်မှုတွေ နေ့တိုင်းရှိနေတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကောလင်း-ဝန်းသိုဘက်မှာ စွန့်ပစ်ခံထားရတဲ့ ရုပ်အလောင်းတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
Source: BBC Burmese
No comments: