ချင်းပြည်နယ် ဟားခါးမြို့နယ် ဇိုခွါကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့မေလ ၁၃ ရက်နေ့တရက်တည်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၁ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။
မကွေးတိုင်း ဂန့်ဂေါမြို့မှ ချီတက်လာပြီး တိုက်ပွဲအတွင်း အထိနာနေသော တပ်မ ၇၇ နှင့် ၎င်းတို့ကို ဟားခါးမြို့ကနေ သွား ကြိုသည့်စစ်ကောင်စီစစ်ကြောင်းတို့ပေါင်းစုံပြီးနောက် ဟားခါးမြို့ဘက်သို့ တောလမ်းအတိုင်းချီတက်လာခဲ့ကြရာမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
အင်အား ၅၀ ဝန်းကျင်ခန့်သာကျန်တော့သည့် တပ်မ ၇၇ နှင့် ဟားခါးမြို့မှ စစ်ကူသွားသော စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ ခန့်(နှစ်ဖွဲ့ပေါင်းအင်အား ၁၂၀ ဝန်းကျင်) တို့သည် ယနေ့မေလ ၁၃ ရက်နေ့တွင် ဟားခါးမြို့သို့တောလမ်းအတိုင်း ချီ တက်လာရာခဲ့ကြပြီး ဇိုခွါနှင့် ဆပ်သာကျေးရွာအကြားမှာ ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့ကြ ရာမှာ စစ်ကောင်စီဘက်က ၁၁ ယောက်သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။
“ တိုက်ပွဲက ဒီနေ့ ၃ ကြိမ်ဖြစ်တယ် မွန်းလွဲပိုင်း ၁ နာရီမှတိုက်ပွဲဖြစ်တယ်၊ ၂ နာရီမှာပြန်ဖြစ်တယ် ၂ နာရီခွဲမှာထပ်ဖြစ်တယ် ဒီနေ့ ၃ နေရာမှာ ၃ ကြိမ်တိုက်ပွဲဖြစ်တယ်၊ အဲဒီမှာ စစ်ကောင်စီဘက်က ၁၁ ယောက်သေဆုံးတယ် အဲဒီထက်လည်းများ နိုင်တယ်’’ ဟု ဆလိုင်းထက်နီကပြောသည်။
တပ်မ ၇၇ သည် အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ဧပြီလ ဒုတိယပတ်က မကွေးတိုင်း ဂန့်ဂေါမြို့ကတဆင့် ဟားခါးမြို့သို့ ခြေလျင်ဖြင့်ချီတက်လာခဲ့ကြပြီး ဟားခါးမြို့ကို ၃ ရက်ခန့်ဖြင့်ရောက်ရှိရန်စီစဉ်ထားကြသော်လည်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လမ်းခရီးတစ်လျှောက်လုံးတွင် အထိနာခဲ့ရပြီး အကျအဆုံးနှင့် ဒဏ်ရာရရှိသူ လည်း အများအပြားရှိခဲ့သည်ဟု ဆလိုင်းထက်နီကဆက်ပြောသည်။
ဟားခါး-ဂန့်ဂေါကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဧပြီလ ဒုတိယပတ်ခန့်ကစ၍ ယနေ့ချိန်ထိတိုက်ပွဲဖြစ်ပွားသည်မှာ ရက်ပေါင်း ၂၀ ကျော်ရှိသွားပြီဖြစ်ကာ စစ်ကောင်စီဘက်က ကျဆုံးမှုအခြေအနေ အသေးစိတ်မသိရသော်လည်း တပ်မ ၇၇ တပ်ဖွဲ့သည် အင်အား ၅၀ ခန့်လောက်သာကျန်ရှိတော့သည့်အနေအထား ကို ထောက်ရှုခြင်းအားဖြင့် စစ်ကောင်စီတပ်ဖွဲ့များအကျအဆုံးများခဲ့သည်မှာသေချာကြောင်း ဆလိုင်းထက်နီကပြောသည်။
“ သူတို့တက်လာတာက အင်အား ၂၀၀ ခန့်လောက်လို့သိရတယ် အခုလက်ကျန်ကတော့ ၅၀ လောက်ပဲကျန်မယ်လို့ တွက်ရတယ်၊ အဲဒီမှာအကျအဆုံးရယ် ဒဏ်ရာရရယ်ပေါ့။ ဒီတခါတော့ ဒဏ်ရာရကပိုများမယ်လို့ကျနော်တို့တွက်တယ် ဘာလို့လဲဆိုတော့ ဟရတ်ယာဉ် ၃ စီးနဲ့လာသယ်သွားတာရှိတယ် အကျအဆုံးကတော့ ၆၀ နဲ့ ၇၀ ကြားလောက်တော့ရှိ မယ်လို့ကျနော်တို့တွက်တယ် ’’ ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ဟားခါး-ဂန့်ဂေါကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ၁၅ လက်ကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ က သိမ်းဆည်းရမိသည့်အပြင် မေလပထမပတ်ကလည်း စစ်ကောင်စီက ဟရတ်ယာဉ်ကနေ လေထီးဖြင့်ချပေးသည့် ကျည်ဆံများကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။
Photo- The Chin Journal
No comments: