၁) ကလောဘူတာ - ဒီဘူတာလေးဟာ နှစ်ပေါင်း တစ်ရာလောက်ရှိပါပြီ အင်္ဂလိပ်လက်ထက် ကတည်းက ဘူတာလေးပါ။ အချို့နေရာတွေဆို ဟိုအရင်ခေတ်ကအတိုင်းရှိနေပါသေးတယ်။ အထင်ကရနေရာလေးမို့ ဒီနေရာလေးကို တော်တော်များများဓာတ်ပုံလာရိုက်လေ့ရှိကြတယ်။
၂) Trekking - တောတွင်းလမ်းလျှောက်တာမျိုးလုပ်လို့ရတယ်။ ကလောကနေ အင်းလေးထိ လမ်းလျှောက်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်လိုက်ပါ။ လုပ်နိုင်ရင် ပျော်စရာကောင်းတယ်။ အင်းလေးထိမလျှောက်နိုင်ရင်လဲ နေ့ချင်းပြန်သွားလို့ရတဲ့နေရာတွေရှိပါတယ်။
ဆက်သွယ်ရန် - ဦးဦးရဲ ကလောသား U U Yè Kalawthar 09258310379 U Ye,
၃) Motorbike Off-Road Tour - သင်က စွန့်စွန့်စားစားကြိုက်တယ်ဆိုရင်တော့ Ride Behind the Kalaw က ကိုအောင်ရဲပြည့်ကိုသာ ဆက်သွယ်လိုက်ပါ။ သူက အရမ်းကိုသဘောကောင်းပါတယ်။ အရှုံးခံ မမြတ်ဘဲ ဝါသနာအရလုပ်နေသူကြီးပါ။ သင်ဆိုင်ကယ်စီးတတ်ရင်လဲသူနဲ့အတူ ကလော တောင်ကုန်းပေါ်တွေကို ဆိုင်ကယ်စီးပြီး ရင်သပ်ရှုမောဖွယ် ကလောတောင်တန်းအလှကို ခံစားနိုင်သလို ဆိုင်ကယ်မစီးတတ်ရင်လဲ သူ့နောက်ကနေ ရင်တဖိုဖို လိုက်စီးနိုင်ပါတယ်လို့။
ဆက်သွယ်ရန် - 09788108155 Aung Ye Pyae
၎) ကလောနှီးဘုရား - နှီးဘုရားဆိုတာ ရှမ်းလူမျိုးတွေသာ ယက်လုပ်တတ်ကြပြီး ပြုလုပ်ဖို့အတွက် ပါဝင်သူ အယောက်တိုင်းဟာ သတ်သတ်လွတ်စားရသလို အဓိဌာန်ဝင်ရပါတယ်။ ကလောက နှီးဘုရားကြီးကတော့ နှစ်ပေါင်း (၅၀၀) ကျော်နေပြီမို့လို့ ဝင်ရောက်ဖူးမျှော်သင့်တဲ့ နေရာတစ်ခုပါ။
၅) ကလောဈေး - ရှမ်းပြည်နယ်မှာ ဟိုးအရင်ကတည်းက ငါးရက်တစ်ဈေး ပြုလုပ်လေ့ရှိတာ ယနေ့ထက်တိုင်ပါဘဲ။ လူတွေရဲ့ ဓလေ့ စရိုက်တွေ လေ့လာချင်ရင် ဈေးကိုသွားဖို့တိုက်တွန်းပါရစေ။ ကလောဈေးနေ့နဲ့ ကြုံခဲ့ရင် ဈေးထဲမှာ လာရောင်းကြတဲ့ တိုင်းရင်းသားတွေကို မြင်နိုင်သလို တိုင်းရင်းသား အစားအစာတွေကိုလဲ တစ်ဝတစ်ပြဲစားကြည့်ဖို့ သတိပေးမယ်နော်။ ချီလီကတော့ ဝက်သားချဉ်နဲ့ အင်းမုန့်တီတို့စားခဲ့တယ်။ တကယ်လို့ ကလောဈေးနေ့မကြုံလို့ ဟဲဟိုးဈေးနဲ့ကြုံရင်လဲ တစ်နာရီလောက် ဆိုင်ကယ်စီးပြီးသွားလို့ရပါတယ်။
၆) နွားဈေး (ဟဲဟိုး) - ဟဲဟိုးဈေးနေ့နဲ့ကြုံရင် နွားဈေးကိုလဲ လည်နိုင်ပါတယ်။ ရွာတွေက နွားတွေကို လာရောင်းကြ လာဝယ်ကြတဲ့ နေရာလေးပေါ့။ နွားတစ်ကောင်ကို ၁၇ သိန်းလောက်အထိ ဈေးပေါက်တယ်။
၇) အင်းခေါင်းရေထွက် - ဟဲဟိုး သွားတဲ့လမ်းပေါ်မှာပဲ အင်းခေါင်းရွာနားက အင်းခေါင်းရေထွက်ကို သွားရောက်လည်သင့်ပါတယ်။ သူကလဲ လည်သင့်တဲ့နေရာလေးပါ။ ဝင်ဝင်ခြင်းကန်လေးပဲတွေ့လို့ စိတ်ညစ်ပြီး ပြန်ထွက်မသွားပါနဲ့ ။ ညာဘက်ထဲကို ဝင်သွားရင် အပင်တွေ အုပ်ဆိုင်းပြီး စိမ်းပြာနေတဲ့ ရေပြာကန်ကြီး ရှိပါသေးတယ်။ အထဲမှာ ငါးလေးတွေအများကြီး ကူးနေတာကိုလဲ တွေ့ရဦးမှာ။ အဲနားမှာ ခဂုစွတ်ပြုတ်စားလို့ကောင်းတယ်နော်။
၈) အောင်ပန်း - အောင်ပန်းနားက သစ်တော်သီးပင်တွေနဲ့ ခရမ်းရောင်ပန်းလေးတွေ ပေါက်နေတဲ့နေရာ လေးလဲ ရှိသေးတယ်။ ဒီအချိန်တော့ သစ်တော်သီးပင်တွေက အရိုးတွေ ဖြစ်နေပေမဲ့ အဲမှာ ဓာတ်ပုံရိုက်ရင်လဲ ပန်းချီကားတစ်ချပ်လိုပဲ။
၉ ) လက်ပံပင်တန်း- ကလောကနေ ဟဲဟိုးသွားတဲ့လမ်းပေါ်မှာ လက်ပံပင်တွေနဲ့ လှနေတဲ့ လမ်းကလေး ရှိသေးတယ်။ အဲမှာ ဓာတ်ပုံရိုက်လို့ကောင်းတယ်။
၁၀) နှစ်တစ်ရာသက်တမ်းရှိ ဘုရားကျောင်း - ကလောမြို့လေးထဲမှာ နှစ်တစ်ရာသက်တမ်းရှိ အရမ်းလှ တဲ့ ဘုရားကျောင်းကြီးလဲ ရှိသေးတယ်။ ဆွဇ်ဇာလန်ရောက်နေသလိုပဲ အရမ်းလှလို့ ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။ နေရာက အထက (၂) အရှေ့မှာပါ။ ဒါပေမဲ့ သွားရင် မဆူညံရဘူးနော်။
၁၁) View Point - ညနေဘက် ချာပါတီစားရင်း ကလောရဲ့ နေဝင်ချိန်ကို ရှုစားလို့ရတဲ့နေရာလေ။ အဲနေရာလေးကိုလဲ သွားဖို့မမေ့နဲ့ဦးနော်။
၁၂) သိမ်တောင် - သူကလဲ ကလောရဲ့ ညနေ ဆည်းဆာအလှကို ကြည့်လို့ရမဲ့နောက်တစ်နေရာပါ။
၁၃) မြင်းမထိဂူ - ဒီကိုလဲ ကားလေးနဲ့ဖြစ်ဖြစ် လမ်းလျှောက်လို့ဖြစ်ဖြစ် သွားလည်လိုက်ဦးနော်။
၁၄) Green Hill Valley Elephant Camp - အလုပ်မရှိ ဆင်ရေချိုး ဟီး စတာပါ ဒီကိုသွားမယ်ဆို ဒေါ်လာ (၁၀၀) ယူတယ် ပြောတယ်။ ချီလီတော့မသွားဖူးပါဘူး။ ဈေးများလို့လေ။ နိုင်ငံခြားသား အတော်များများသွားကြတယ်။ သူတို့အတွက်က အတော်ကို သဘောတွေ့စရာကိုလေ။ ဆင်ကို ကိုယ်တိုင် ရေချိုးပေးတာလုပ်လို့ရတယ်။
၁၅) စက်ဘီးစီးမယ် - ကလောမှာ bike tour လဲရှိတယ်။ စက်ဘီးစီးဖို့ပစ္စည်း အစုံစီစဉ်ပေးတာပေါ့။ ဈေးကတော့ တစ်ယောက် ဒေါ်လာ (၁၀၀) လောက်ရှိတယ်လို့ ပြောတယ်။ စီးချင်သူတွေ စီးရအောင် ပြောပြလိုက်တာပါ။ ချီလီလုပ်မကြည့်ရသေးဘူး။
၁၆) မြို့တွင်းကိုလိုနီခေတ်အိမ်များသို့ - အရမ်းကို လှပြီးထည်ဝါတဲ့ ကိုလိုနီခေတ်ကအိမ်တွေနဲ့ နောက်ပိုင်းဆောက်တဲ့အိမ်လှလှလေးတွေကိုလဲ လမ်းလျှောက်ရင်းကြည့်နိုင်ပါသေးတယ်။
No comments: