၂၀၁၆၊ သြဂုတ်လ၊ ၂၄ရက်နေ့က ချောက်မြို့ကို ဗဟိုပြုတဲ့ ငလျင်လှုပ်ပြီး မြန်မာတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ဧရာဝတီ ညောင်ဦး ကမ်းပါးက ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေပေါ်မှာ ရှေးမြန်မာများ ချန်ထားရစ်ခဲ့တဲ့ သာသနိက အဆောက်အဦ ၄၀၀နီးပါးခန့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ငလျင်လှုပ်ပြီးချင်းချင်းပဲ စေတနာကြီးစေတီနဲ့ စူဠာမဏိစေတီတော်ကြီးတို့ပြိုကျပျက်စီးသွားပုံကို တစ်နိုင်ငံလုံးက သတင်းတွေ လူမှုကွန်ယက် စာမျက်နှာများကနေ မြင်တွေ့လိုက်ကြရပါတယ်။
ဒီဖြစ်ရပ်ကို မြင်တွေ့လိုက်ကြရတဲ့ လူများစွာရဲ့ ပါးပြင်တွေပေါ်ကိုလည်းမျက်ရည်တွေ အလိုလိုကျဆင်းခဲ့ကြပါတယ်၊ ဒါ နှလုံးသားရဲ့ အလိုအတိုင်းကျဆင်းခဲ့ကြသော မျက်ရည်တွေပါ။
ဒီသီချင်းလေးက ဒီဖြစ်ရပ်နဲ့ ဒီမျက်ရည်တွေကနေ လာပါတယ်။
ငလျင်ဗဟို ချောက်မြို့ ရစ်ခ်ျတာစကေး ၆.၈ ဆိုတာနဲ့ ပုဂံကိုချက်ခြင်းပဲ စိုးရိမ်စိတ်ကရောက်ပါတယ်၊ လုပ်ကြပါဦး၊ မေးကြပါဦး ယောက်ရက်ခတ်နေရင်းကပဲ စူဠာမဏိစေတီကြီး ပြိုကျသွားပုံကို တွေ့လိုက်ရတဲ့ ခနမှာပဲ မျက်ရည်တွေ အလိုလိုကျဆင်းလာပါတယ်၊ ပျက်စီးစာရင်းတွေ ဆက်တိုက်တက်လာတဲ့နောက်မှာ ကျွန်တော့် စိုးရိမ်စိတ်က ပုဂံကိုပြေးကြည့်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပါတယ်။
ကျောက်ဂူဥမင်ထိခိုက်တယ်၊ ဒါပေမယ့် အဝင်ဝက ကျောက်ဆစ်ပန်းလက်ရာထိခိုက်သလား ဘယ်သူ့မှ မေးမရဘူး၊ အဲဒါ တစ်နိုင်ငံလုံးမှာ၂ခုပဲ ကျန်တော့တဲ့ ပုဂံခေတ်က ကျောက်ဆစ်ပန်းလက်ရာပါ။ဖက်လိတ်ဘုရား ထိခိုက်တယ်၊ အတွင်းအာရုံခံ လှိုဏ်ပတ်လမ်းက ၅၅၀မြေစေး ရွှံ့မီးဖုတ် လက်ရာတွေ ထိခိုက်သလား ဘယ်သတင်းကမှ မပြော နိုင်ဖူး ၊ ဘယ်သူ့မှ ရုတ်တရက် မေးမရဘူး အဲဒါ တစ်နိုင်ငံလုံးမှာ လွန်ခဲ့တဲ့နှစ်တစ်ထောင်က မြေကြီးမီးဖုတ်ပြီးထားခဲ့တဲ့ တစ်ခုတည်းသော အနုပညာလက်ရာ (၅၅၀) ဇာတ်ကွက်တွေ၊ ရွှံ့ကိုမီးဖုတ်ပြီး အနှစ်တစ်ထောင် ခံအောင်ဘယ်လိုနည်းပညာပါလိမ့်လို့တောင် မလေ့လာရကြသေးဘူး၊ အဲဒါတွေများပါသွားပြီလား၊ ဂူပြောက်ကြီး (၂) ဆူထိတယ်၊ မြင်းကပါရော ဝက်ကြီးအင်းရော၊ အပေါ်ယံအဆောက်အဦပဲလား အတွင်းကနံရံပန်းချီ တွေရောထိခိုက်သလား အဲဒီနံရံပန်းချီတွေသာ ထိခိုက်ပျက်စီးရင် မြန်မာတို့ရဲ့ ထိပ်တန်းအနုပညာဆိုတာ ပြစရာရှိတော့မှာ မဟုတ်ဖူး။
အဲဒီအပူနဲ့ အဲဒီညပဲ ပုဂံသွားတော့မယ်ပြင်ချိန်မှာပဲ ဘန်ကောက်ရောက်နေတဲ့ ကျွန်တော့်သူငယ်ချင်း ကိုပြည့်က ဖုန်းဆက်ပါတယ်၊ သူနဲ့ ဦးလေးဖြူနဲ့အတူတူရှိနေပါတယ်၊ ကိုပြည့်က အစ်ကိုရာ မျက်ရည်တွေအလိုလိုကျလာတာဗျာတဲ့၊ စူဠာမဏိစေတီကြီး ပြိုကျသွားတာမြင်ရတော့မျက်ရည်တွေ အလိုလိုကျလာတယ်ဗျာတဲ့၊ အေး ငါလည်း အဲဒီလိုပဲ၊ဦးလေးဖြူရော ဘာလုပ်နေလဲဆိုတော့ ငလျင်မလှုပ်ခင်လေးတင်ဘန်ကောက်ကဟိုတယ် တံခါးပေါ်ကို ကျီးကန်းတစ်ကောင်ကလာနားပြီးဇောက်ထိုးဆင်းချသွားတာဗျာ ဆန်းလိုက်တာပြောတော့ ဦးလေးဖြူကအဲဒီကျီးကန်းက ငါ့နိုင်ငံ တစ်ခုခုဖြစ်ပြီကွာတဲ့ ပြောပြီးမကြာဖူး ငလျင်လှုပ်ပြီး ပုဂံကစေတီတွေ ပြိုကျတဲ့ ပုံတွေမြင်ရတာပဲဗျာ၊ အေး ဟုတ်မှာပေါ့ငါ အခု ပုဂံသွားတော့မလို့ဆိုတော့ ကိုလေးဖြူက သူ့ကို ပုဂံစာသားပို့ပေးတဲ့၊အေး ပို့ပေးမယ်ဆိုတော့ အခုပို့ပေးတဲ့၊ ဟာ လို့ ပြောလိုက်ပေမယ့်ပုဂံသွားဖို့စောင့်နေတဲ့ သူငယ်ချင်းတွေကို ကျောခိုင်းပြီး ပေါ်လာတဲ့အတိုင်းရေးပေးလိုက်ပါတယ်၊ ကိုပြည့်က ဖုန်းထပ်ဆက်ပြီး စာသားထပ်ပို့ပေးဦးတဲ့ဦးလေးဖြူကလည်း ဖုန်းပြောမယ်တဲ့။
ကျွန်တော်တို့ ၂ ယောက် ဖုန်တွေကိုင်ထားပြီး စကားမပြောဖြစ်ကြဖူးသက်ပြင်းတွေ ချနေတာ အကြာကြီးပဲ။ငါ ပုဂံသွားတော့မယ်၊ စာသားတွေတော့ ပေါ်လာတဲ့ စာသားလေးတွေ ရေးပို့လိုက်တယ်၊ ပြောချင်တာကတော့ အမှောင်ဖက်က မပြောချင်ဖူး၊အလင်းဖက်ကပဲ ပြောချင်တယ်၊ ပုဂံက ရှေ့ခေတ်တွေမှာလည်း ထိခိုက်ဒဏ်ရာရခဲ့တာပဲ ဘယ်လိုပဲထိခိုက်ပါစေ ပုဂံက တည်ရှိနေရဦးမယ်၊ ငါတို့မရှိလည်း ပုဂံက ရှေ့ဆက်ရဦးမယ်၊ ငါတို့မရှိခင်ကလည်း ပုဂံက ခရီးဆက်ခဲ့တယ်၊ အဲဒါက ဒီနိုင်ငံ ဒီလူမျိုးရဲ့ တည်ရှိခဲ့တဲ့ ယဉ်ကျေးမှုကို ကမ္ဘာတည်သ၍ ပြောပြဖို့ သက်သေခံဖို့အတွက် ပုဂံကရှိနေရဦးမယ်၊ ဒီတော့ ပုဂံအတွက် မငိုစေချင်ဖူး၊ အားလုံးလက်တွေ တွဲထားစေချင်တာပဲဆိုတော့ဦးလေးဖြူက အေး ငါသိပြီ ဆိုပြီး ဖုန်းချသွားတော့တာပဲ။
ကျွန်တော်လည်း ပုဂံကိုထွက်ခဲ့တယ်၊ ရောက်တော့ ပုဂံက ကျွန်တော်စိုးရိမ်ရတဲ့၂၀၁၆ ငလျင်ဒဏ်ကနေ လွတ်မြောက်တဲ့ အမွေအနှစ်စာရင်းကိုပြောပြပါတယ်၊ အခုမှ သိပါတယ်ပြောကြပြီး တန်ဖိုးထားရမယ်ဆိုတာသိပြီလို့ ပြောကြတဲ့အတွက် တကယ်ပဲ ဝမ်းသာမိပါတယ်၊ ကျွန်တော်သိသမျှတာဝန်ရှိတယ်လို့ ခံယူပြီးကို ပြောပါတယ်။
ကိုလေးဖြူနဲ့ ကိုပြည့်ကဂျပန်နိုင်ငံကို ခရီးဆက်ပြီး ဂျပန်ကစတူဒီယိုတစ်ခုမှာဒီသီချင်းလေးကို အသံသွင်းယူခဲ့ပါတယ်၊ ကျွန်တော်ပုဂံက အပြန် သူတို့ဂျပန်က အပြန်မှာတွေ့တော့ ကိုပြည့်က ဂျပန်နိုင်ငံစတူဒီယိုက ဘောင်ချာဖြတ်ပိုင်းလေးကိုပေးပါတယ်၊ ဒါပါ အမှတ်တရ ယူလိုက်တော့တဲ့ ဘာတုန်းဆိုတော့ ပုဂံသီချင်းသွင်းခဲ့တာလေတဲ့၊ ဟုတ်သလားပြစမ်းပါ နားထောင်ကြည့်လိုက်တော့ ဦးလေးဖြူဆိုထားတာက ကျွန်တော့် အတွက်တော့ ပြီးပြည့်စုံတယ်လို့ ခံစားရတယ်၊ ပြီးတော့ ဦးလေးဖြူရယ်၊ ကျွန်တော်ရယ်၊ ကိုပြည့်ရယ် ရဲ့ ပုဂံနဲ့ ပါတ်သက်လို့ ခံစားရတဲ့ နှလုံးသားကို အတိုင်းသားမြင်နေရတယ်။
Music တော့ ထပ်ထည့်ရဦးမယ်၊ ဦးလေးဖြူက ကြိုက်သလိုလုပ်တဲ့၊ကိုပြည့်က ကျွန်တော် ကိုကျင့်ခန်းဖုန်းကို အပ်လိုက်မယ်၊ အေး ပြီးတာပဲ၊ ဦးလေးဖြူနဲ့တွေ့တော့ ငါ မင့်စာသားတွေ တစ်ခုမှမပြင်ဘူးနော်တဲ့၊ ဟုတ်လား ငါရေးတာဟုတ်လို့လားဆိုတာ့ သေလိုက်လေ၊ ဟောဒီမှာ ငါအားလုံး မင်းပို့တဲ့ စာသားတွေ Screen Shoot ဖမ်းထားတာနော်တဲ့၊အော် အေးအေးပေါ့၊ ဒါက ကျွန်တော်တို့ ၂ ယောက်ကြားက ခါတိုင်းလိုညစ်ပေါက်ကပ်ကျယ် ပြောနေတယ်ထင်လို့ပါ၊ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်ရေးတယ်လို့ မထင်မိတော့လို့ပါ၊ ကျွန်တော်ရေးပေးလိုက်တာကပေါ်လာသမျှ တောင်စဉ် ရေမရတွေပါ၊ သံစဉ်မပါ၊ ဒါကို ဦးလေးဖြူကနှလုံးသားနဲ့ စီသွားခဲ့တယ်လို့ပြောချင်ပါတယ်။
အခု ဒီသီချင်းလေးကို ကိုကျင်ခမ်းဖုန်းတို့ ကိုဥက္ကာတို့က မြူးဇစ် Arrange အားလုံးပြီးသွားပြီး Mixing ပြီးလို့ အပ်ပါပြီ၊ အခုပဲ ကိုဥက္ကာနဲ့တွေ့တော့သီချင်းကို ကြားတာနဲ့ New Age တီးရမယ်လို့ ခံစားရတယ်၊ သူလည်းတီးရတာကျေနပ်ပါတယ်တဲ့ ကျွန်တော်တို့က ကိုဘိုကျင်လို့ ခေါ်တဲ့ ကိုကျင်ခမ်းဖုန်းကလည်း သူ ဖန်တီးရတာ ကျေနပ်ပြီလို့ ဒီသီချင်းလေးကို အပ်ပါပြီ။
ဒါ့ကြောင့် ဒီသီချင်းလေးကို ခင်ဗျားတို့ဆီ ပို့ဆောင်ပါမယ်။
ကျွန်တော်တို့ (၃)ယောက် ဆုံးဖြတ်ပုံက ဒီလိုပါ၊ ဒီသီချင်းလေးက ပုဂံကို ချစ်တဲ့သူအားလုံးကို ကိုယ်စားပြုပါတယ်၊ကျွန်တော်တို့ခေတ်က အမှောင်ခေတ်ပါ၊ ပုဂံကစပြီး ရွှေတိဂုံထိ ရှေ့လူတွေထားခဲ့လို့ ဖူးမျှော်ခွင့်ရခဲ့ကြတာပဲ၊ ရှေ့လူတွေချန်ရစ်ထားခဲ့တာ ခေတ် အဆက်ဆက် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ဂုဏ်ယူစရာအပြည့်ပဲ၊ ကျွန်တော်တို့ခေတ်က ဘာများချန်ထားရစ်နိုင်ခဲ့ပါသလည်း၊ဘာမျှ နောက်လူတွေအတွက် ချန်မထားရစ်နိုင်ခဲ့တဲ့ လူတွေဖြစ်ခဲ့ရပါပြီ။ ဒါကို မြင်ပါပြီ။
ဒီအဖြစ်က ကြေကွဲစရာပါ၊ဒါ့ကြောင့် လွယ်လွယ်မြင်အောင် ပြောကြည့်ရတော့ ပုဂံ။
ပုဂံကပေးလို့ စာတတ်တယ်၊ အနုပညာရတယ်၊ ယဉ်ကျေးမှုရတယ်၊ ကိုးကွယ်ရာကို ရတယ်၊ ဒါက ဒီနိုင်ငံနဲ့ ဒီလူမျိုးရဲ့ ယဉ်ကျေးမှု လမ်းကြောင်းပေါ်က အမြင့်ဆုံးသော ရတနာတွေရှိရာအရပ်ပါ၊ ကျွန်တော်ငယ်ငယ်က၁၉၇၅ မှာ ငလျင်လှုပ်တယ်၊ အဲဒီနောက်မှာ ပုဂံခေတ်က ကြွင်းကျန်ရစ်ခဲ့တဲ့နံရံပန်းချီ ဧရိယာ စတုရန်းပေ ၂သိန်းခွဲကျော် ကျန်ရစ်တယ်၊ အခု ၂၀၁၆ ငလျင်မှာ နံရံပန်းချီတွေ ကြွေကျနေတာ မြင်ကြရတယ် မဟုတ်လား၊နည်းပညာရှိရင်တောင် ဇာတ်တော်တွေကို ပါဇယ် ဆက်သလိုဆက်ရမှာမလွယ်ပါဘူး၊ ဒီတော့ အခုနံရံပန်းချီဧရိယာ စတုရန်းပေ ၂ သိန်းခွဲကျော် ကျန်တယ်လို့ ပြောလို့မရတော့ဘူး၊ အဲဒါ နောက်လူကို ကျွန်တော်တို့ကလက်ဆင့်ကမ်းမယ့်ပုဂံဟာ ကိုယ့်လက်ထက်မှာပဲ လျော့ကြနိမ့်ဆင်းခဲ့တဲ့ပုဂံလို့ မြင်လိုက်ရပြီ။
ပုဂံက အခုရာသီဥတုတွေ၊ သဘာဝဘေးဒဏ်တွေ၊ ဉာဏ်နည်းပြီးမိုက်မည်းသူတွေ၊ မသမာ အာဇီဝနဲ့ အသက်မွေးသူတွေ ရဲ့ ကျူးကျော်တိုက်စားမှုကိုခံနေရပြီ၊ တဖြည်းဖြည်းနဲ့ ပုဂံဟာကျုံ့ကျုံ့လာခဲ့ပြီး လျော့ပါးလာခဲ့ပြီ၊ ဒီလိုနဲ့ ကျွန်တော်တို့က နောက်လူကို လက်ဆင့်ကမ်းရမယ့် ပုဂံဟာ ဒီမေ့လျော့ခြင်းတွေအတိုင်းသာဆိုရင် ဧရာဝတီမြစ်ကမ်းနားက ရွှေစည်းခုံရယ်၊ အာနန္ဒာရယ်၊ သာရပါတံခါးအပဲ့လေးရယ်လောက်ပဲ ဒါပုဂံလို့ လက်ဆင့်ကမ်းရတဲ့ ဘဝကိုဆိုက်ရောက်ရပါလိမ့်မယ်။
ဒါ့ကြောင့် ကိုယ်လည်း ဘာမျှ ချန်ထားရစ်နိုင်တာ မရှိတဲ့အပြင် ရှေ့လူချန်ထားရစ်တာကိုတောင် ထိန်းသိမ်းပြီး နောက်လူကို လက်ဆင့် မကမ်းတတ်တဲ့အသက်ရှင်ခြင်းနဲ့ သူတွေဆိုတာ ကိုယ့်နေထိုင်ခဲ့ခြင်းမှာလည်း အချည်းအနှီးပဲလို့ မြင်ပါပြီ။
ဒါ့ကြောင့် ဒီသီချင်းလေးက ပုဂံကို ကျွန်တော်တို့ရဲ့ ဆုံမှတ်နဲ့ တိုက်ဆိုင်ချိန်မှာနိုင်သလောက် တာဝန်ကိုထမ်းပြီး
သူရေးသီဲတဲ့ သမိုင်း ကမ္ဘာသိစေဖို့တည်ရှိနေသ၍ ပြန်ပြောနိုင်ဖို့၊
ဒီမြေ ဒီရေပေါ်က ပထမဆုံးသော လက်နက်နိုင်ငံတော် အင်ပါယာက ကြွင်းကျန်ရစ်ခဲ့တဲ့ ယဉ်ကျေးမှု သက်သေခံပစ္စည်းတွေအတွက် ရေတစ်စက်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဖြည့်စွက်ခြင်းဖြစ်သလို ရှေးမြန်မာကြီးတွေရဲ့ စေတနာ သဒ္ဒါတရားတွေက အခုခေတ် ကျွန်တော်တို့နဲ့ ထိုက်တန်ပါသလားဆိုတဲ့ မေးခွန်းအတွက်အနည်းငယ် ချဉ်းကပ်ဖြေဆိုခြင်းလည်းဖြစ်ပါတယ်။
ဒီသီချင်းလေးတစ်ပုဒ်တည်းကို အိုင်ရင်းခရော့စ် ဦးကိုကိုလွင်ရဲ့ မြန်မာမြူးဇစ်စတိုးကနေ အွန်လိုင်းမှာ ရောင်းချပါမယ်၊ ရရှိတဲ့ငွေကို ၂၀၁၆ သြဂုတ်လ ငလျင်ဒဏ်ခံ ပုဂံစေတီပုထိုးများကို ပြုပြင်ထိမ်းသိမ်းမယ့် ရှေးဟောင်းသုတေသနဌာနပုဂံရုံးခွဲနဲ့ ငလျင်ဒဏ် ပုဂံစေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရာမှာ ပါဝင်ကူညီပေးမယ့် Ergo Bangan ယူနက်စကိုအဖွဲ့ နဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု
နယ်မြေကို World Heritage ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက် တာဝန်ယူ ပြင်ဆင်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရှေးဟောင်းသုတေသနကBagan Heritage Trust Team တို့ကို ပံ့ပိုးကူညီ လှူဒါန်းပေးမှာဖြစ်ပါတယ်။
ပြီးတော့ ဒီအဖွဲ့အစည်း(၃) ဖွဲ့က လိုအပ်ခဲ့ရင် ဒီသီချင်းကို လိုအပ်သလို အသုံးပြုရန်ခွင့်ပြုပြီးလည်းဖြစ်ပါတယ်။
သီချင်းကို ဒီဇင်ဘာ ပထမပတ်မှာ အွန်လိုင်းက ဖြန့်ချိပေးမှာဖြစ်ပြီး၂၀၁၇ နှစ်သစ် ဇန်နဝါရီမှာ Audio SongTack, MTV Track နဲ့ ပုဂံအကြောင်းသိမှတ်ဖွယ်ရာ Documentary Track တို့ကို DVD အဖြစ် ဖျန့်ချိပေးသွားပါ့မယ်။
ဦးကိုကိုလွင်ရဲ့ မြန်မာမြူးဇစ်ထုတ်လုပ်ရေးရဲ့ အွန်လိုင်း သီချင်းရောင်းဝယ်ခြင်းလုပ်ငန်းစဉ်တွေကို ကျွန်တော် ကောင်းစွာမသိရသေးပါဘူး၊ ကျွန်တော်ကဒီ သီချင်းတစ်ပုဒ်တည်းကို (၅၀၀) ကျပ် ရောင်းချင်ပေမယ့် ဦးကိုကိုလွင်ကအားလုံးလွယ်ကူစွာ ဝယ်ယူနိုင်ဖို့ (၃၀၀) ကျပ်နဲ့ပဲ ရောင်းချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်ဒီနေရာမှာ ဦးကိုကိုလွင်ရဲ့ အဆုံးအဖြတ်ကို လိုက်နာဖို့ စိတ်ကူးပါတယ်၊
သူက သီချင်းကို ခုထိ နားမထောင်ရသေးပါဘူး၊ ဒါပေမယ့် ဒီအစီအစဉ်ကကောင်းတယ်၊ လုပ်ရမယ် ဒါ့ကြောင့် သူ့ဖြန်ချိခကို မယူပဲ ပါဝင်လှူဒါန်းမယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် ဒီသီချင်းလေးကို ပါဝင်ဖန်တီးကြတဲ့ သက်ဆိုင်သူအားလုံးကခင်ဗျားတို့ကို ကိုယ်စားပြုတယ်လို့ ကျွန်တော် အာမခံနိုင်သလို၊ဒီဆုံမှတ်လေးက ပုဂံကိုတန်ဖိုးထားသူ၊ ချစ်ခင်သူများရဲ အသံပါလို့ ရဲရဲ အာမခံပြီးနှလုံးသားက လာတဲ့အတိုင်းဖြစ်ကြောင်းနဲ့ ဦးလေးဖြူရဲ့အသံက ခင်ဗျားတို့အသံရဲ့ ကိုယ်စားဖြစ်ပါတယ်လို့ အသိပေးအပ်ပါတယ်။
ဒီသီချင်းအတွက် ခေါင်းစဉ်ကို အခုပဲနားထောင်ရင်း ပေးလိုက်ပါတယ်၊သီချင်းထဲမှာ ဦးလေးဖြုဆိုထားတဲ့ အထိခိုက်ဆုံး စကားလုံးတစ်လုံးကထင်ထင်ရှားရှား သိရှိခံစားနေရပါတယ်။ပထမနိုင်ငံတော် တဲ့။ဟုတ်ပါတယ် ဧရာဝတီညောင်ဦးကမ်းပါးက စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာ ကိုးကွယ်ရာတို့ကို သယ်ဆောင်ပေးခဲ့တဲ့ မြန်မာတို့ရဲ့ ပထမဦးဆုံးသော လက်နက်နိုင်ငံတော် အင်ပါယာပုဂံပါ။
No comments: