ရန်ကုန်မြို့တွင် အများပြည်သူအခြေပြု BRT Lite စနစ်ဖြင့် ယာဉ်လိုင်းပြေးဆွဲလျက်ရှိရာတွင် ယခုလနှင့် ဇွန်လအတွင်း ထပ်မံရောက်ရှိလာမည့် ကားအသစ်များဖြင့် လက်ရှိပြေးဆွဲနေသော လမ်းကြောင်းနှစ်ခုတွင် ယာဉ်အစီးရေ ထပ်မံတိုးချဲ့ ပြေးဆွဲသွား မည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က စတင်ပြေးဆွဲခဲ့သည့် BRT Lite စနစ် ဘတ်စ်ကားပြေး ဆွဲမှုတွင် အများပြည်သူ ကြိုက်နှစ်သက်လက်ခံမှုများပြီး ယာဉ်အစီးရေနှင့် လမ်းကြောင်းတိုးချဲ့ ပြေးဆွဲပေးရန် တောင်းဆိုမှုများရှိရာ ယခုလအတွင်း ယာဉ်အသစ် ၁၂ စီး ရောက်ရှိလာမည်ဖြစ်ပြီး ထပ်မံရောက်ရှိလာမည့် ယာဉ်အသစ်များဖြင့် လက်ရှိလမ်းကြောင်း (၁)ဖြစ်သည့် ထောက်ကြန့်- ပြည်လမ်း ခရီးစဉ်လမ်းကြောင်းနှင့် လမ်းကြောင်း(၂) ဖြစ်သည့် ထောက်ကြန့်- ကမ္ဘာအေးဘုရား လမ်း ခရီးစဉ်လမ်းကြောင်းတွင် ယာဉ်အစီးရေ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။
''ခရီးသည်တွေကော ကျောင်းသားကျောင်းသူတွေကော လမ်းကြောင်းသစ် ပြေးဆွဲပေးဖို့ တောင်းဆိုတာတွေရှိပါတယ်။ ဒါပေမယ့် လက်ရှိလမ်းကြောင်း(၁)နဲ့ (၂)ကို ကားတွေထပ်မံ တိုးချဲ့ ပြေးဆွဲဖို့ရှိပါတယ်။ ဒီလမ်းကြောင်းတွေမှာတင် လိုအပ်ချက်တွေရှိနေပါတယ်။ အထူးသဖြင့် ရုံးတက်၊ ရုံးဆင်းချိန်တွေမှာပါ။ နေ့ခင်းပိုင်းတွေမှာ ခရီးသည်အလွန်နည်းတဲ့ အတွက် အဓိကလူများတဲ့ ရုံးတက်၊
ရုံးဆင်းချိန်တွေကို ပြေးဆွဲပေးနိုင်ဖို့လုပ်နေပါတယ်။ ဆရာတို့က ရင်းနှီးမြှုပ်နှံငွေတွေရှိတဲ့အတွက် နောက်ပိုင်းမှာ လိုအပ်တဲ့လမ်းကြောင်းတွေကို ကားတွေတိုးချဲ့ပြေးဆွဲပေးသွားမှာပါ'' ဟု ဒေါက်တာမောင် အောင်က ပြောသည်။
လက်ရှိတွင် BRT Lite ယာဉ်လိုင်း ခရီးသည်စီးနင်းမှု များပြားစေရန်နှင့် ခရီးသည်များ ယာဉ်စီးခ ပေးချေကတ်များ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်၊ငွေဖြည့်မှုများ အလွယ်တကူ ဆောင်ရွက်နိုင်ရန် ဈေးကွက်မြှင့်တင်ခြင်း အစီအစဉ်များ ပြုလုပ်သွားမည်ဟု သိရသည်။
လက်ရှိပြေးဆွဲနေသော လမ်းကြောင်း (၁)သည် ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်းမောင်းနှင်ကာ (၈) မိုင်၊ လှည်းတန်း၊ မြေနီကုန်း၊ ပြည်လမ်းနှင့် ဗိုလ်ချုပ် လမ်းဆုံမှတစ်ဆင့် အလံပြဘုရားလမ်း၊ ဗဟန်း (၃) လမ်းမှတ် တိုင်၊ ကုက္ကိုင်း၊ ချော်တွင်းကုန်းမှတ်တိုင်တို့ကိုဖြတ်သန်း၍ ကမ္ဘာအေးဘုရားလမ်းအတိုင်းမောင်းနှင်ကာ (၈)မိုင်လမ်းဆုံမှ တစ်ဆင့် ပြည်လမ်းပေါ်သို့ ပြန်လည်ချိတ်ဆက်၍ထောက် ကြန့်လမ်းဆုံသို့ ပြန်လည်ပေါင်းဆုံမည့် ခရီးစဉ်ဖြစ်သည်။
လမ်းကြောင်း(၂)မှာ ထောက်ကြန့်လမ်းဆုံမှ (၈) မိုင်အထိ၊ ယင်းမှ နဝဒေးရုပ်ရှင်ရုံ၊ ချော်တွင်းကုန်းမှတ်တိုင်များကို ဖြတ်သန်းကာ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်၍ ရွှေဂုံတိုင်၊ ဗဟန်း (၃) လမ်းမှတ်တိုင်တို့ကိုဖြတ် ပြီး ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံ၊ ထိုမှတစ်ဆင့် ပန်းဆိုးတန်းမှတ်တိုင်ကိုဖြတ်၍ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းဆုံမှတစ်ဆင့် ကမ်းနားလမ်းအတိုင်း မောင်းနှင်ကာ ကမ်းနားလမ်းနှင့် ဘုန်းကြီးလမ်း ဆုံတို့မှတစ်ဆင့် ပြည်လမ်းအတိုင်း မြေနီကုန်း၊ လှည်းတန်း၊ (၈) မိုင်တို့ကို ဖြတ်သန်း၍ ထောက်ကြန့်လမ်းဆုံသို့ ပြေးဆွဲပေးလျက်ရှိသည်။
ယင်းစနစ်ဖြင့် ဘတ်စ်ကားပြေးဆွဲအကောင်အထည် ဖော်နိုင်ရန် နိုင်ငံတော်မှ ငွေကျပ် ၁၁ ဘီလီယံ မတည်ပေးခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် ခြောက်ဦးက ငွေကျပ် သိန်း ၅ဝဝဝ စီနှင့် အများပြည်သူ၏အစုရှယ်ယာ ထည့်ဝင်ငွေကျပ် တစ် ဘီလီယံကျော်တို့ဖြင့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီလီမိတက် ထူထောင်ကာ ဖေဖော်ဝါရီ ၇ ရက်က စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။
ယာဉ်စီးခ ပုံသေ ၃ဝဝ ကျပ်ဖြင့် ကတ်စနစ်သုံး ငွေပေးချေမှုစနစ်ကို ဆောင်ရွက်နေသော BRT Lite စနစ် ဘတ်စ်ကားပြေးဆွဲမှုကို ရန်ကုန်တစ်မြို့လုံးတွင် ဆောင်ရွက်သွားနိုင်ပါက အများပြည်သူဝန်ဆောင်မှု ကို အခြေပြုသည့် သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ပေါ်လာ နိုင်မည်ဟု မြို့ပြသယ်ယူပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ
များကသုံးသပ်ပြီး နိုင်ငံတကာမြို့ပြများကဲ့သို့ BRT စနစ်စစ်စစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာနိုင်သည် အထိ ရေရှည် ဆောင်ရွက်သွားသင့်သည်ဟု အဆိုပါယာဉ်လိုင်းစနစ် အပေါ်သုံးသပ်မှုများရှိသည်။
သတင်း-ဆုနှင်းလဲ့၊ဓာတ်ပုံ- ခင်မောင်ဝင်း MOI
May 06, 2016
Read more ...


