ကော်သူးလေတပ်တော် (KTLA) နယ်မြေကို လွတ်လပ်ရေး ကြေညာပြီး ကော်သူးလေသမ္မတနိုင်ငံအဖြစ် နိုင်ငံသစ်တည်ထောင်ကြောင်း ၇၈ ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကော်သူးလေအစိုးရအဖွဲ့ ဖွဲ့စည်းရာမှာ သမ္မတအဖြစ် ဗိုလ်ချုပ်စောနယ်ဒါးမြက တာဝန်ယူပြီး ဒုသမ္မတ ၁ အဖြစ် နိုင်ငံခြားရေးဝန်ကြီး စောဆာဂေးဖိုး၊ ဒုတိယသမ္မတ ၂ စောဒေးဗစ်သာကဘော၊ ဝန်ကြီးချုပ် စောဖိုးသူးလေးနဲ့ ကာကွယ်ရေးဝန်ကြီး စောဒေးဗစ်လောဒူးတို့ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
ကရင်နိုင်ငံရေးလေ့လာသူတယောက်က “ကော်သူးလေသမ္မတနိုင်ငံ ကြေညာတယ် ဆိုတာကတော့ ဒါ နိုင်ငံတကာမှာကော တတ်သိနားလည်တဲ့လူတွေ အဝိုင်းအဝန်းမှာကော အခုလိုမျိုး လုပ်တာကိုတော့ ထောက်ခံမှာ မဟုတ်ဘူး။ သူရဲ့လုပ်ရပ်က အရည်အချင်းမရှိတဲ့ လူတယောက် အတွေ့အကြုံမရှိတဲ့ လူတယောက်ရဲ့ လုပ်ရပ်နဲ့ တူနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မိခင် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့အပြိုင် နောက်ထပ် အစုအဖွဲ့တခု ထူထောင်ကာ ပြည်ပရောက် ကရင်လူမျိုး အစုအဖွဲ့တွေနဲ့ လက်တွဲချိတ်ဆက်ပြီး ကရင်အမျိုးသားတွေ ပိုပြီး သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှုတွေ မရှိအောင် ပိုဆိုးလာအောင် လုပ်နေသလားဆိုတဲ့ မေးခွန်တွေ မေးစရာတွေ ဖြစ်လာတယ်လို့ ကရင်နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
ကရင်အမျိုးသားလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကော်သူးလေတပ်တော် (KTLA) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ကို လူသားချင်းစာနာမှုနဲ့ လွှတ်ပေးခဲ့ပါတယ်။
၂၀၂၂ ခု ဇူလိုင် ၁၆ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNDO စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်စောနယ်ဒါးမြဟာ KNU က ခွဲထွက်ပြီး ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။


No comments: