ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ ကနေဒီတောင်ကို ချင်းညီနောင် (CB) အဖွဲ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ တီးတိန်မြို့နယ်က ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF – Zoland ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ဖော်ပြချက်အရ သိရပါတယ်။
ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ရွှေ့လျားစစ်ကြောင်းကို အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ CB အဖွဲ့ဘက်က ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်ရေးအရ အချက်အချာ ကျတဲ့ ကနေဒီတောင်စခန်းကို နိုဝင်ဘာလ ၄ရက်နေ့မှာ စစ်ကော်မရှင်တပ်က ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ချင်းညီနောင်အဖွဲ့ဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကနေဒီတောင်စခန်းကို မနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကနေဒီတောင်စခန်းကို သိုင်းငင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့တွေက နိုဝင်ဘာလ ၄ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး တပ်စွဲထားခဲ့တာဖြစ်ပါတယ်။
ကလေး - တီးတိန် - ဖလမ်း ကားလမ်းမပေါ်မှာ တည်ရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့ တီးတိန်မြို့နဲ့ ခိုင်ကမ်းမြို့ အကြားကို စစ်ကော်မရှင်တပ်ဖွဲ့က ကလေးမြို့နဲ့ တီးတိန်မြို့မှ နှစ်ဖက်ညှပ်ပြီး အင်အားရာချီနဲ့ စစ်ကြောင်းထိုးနေသလို ဝေဘူလဘက်ကနေ ဖလမ်းမြို့ကို အင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ချင်းညီနောင် (CB) ၊ ချင်းလဲန်းကောင်စီ ( CC) တပ်ဖွဲ့နဲ့ ချင်းမဟုတ်တဲ့ တခြားအဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။


No comments: