ဖလမ်းမြို့နယ်ရှိ စစ်ဘေးရှောင် ၂သောင်းကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် စောင်၊ အနွေးထည်တွေ လိုအပ်နေ

 စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်လာမှုတွေကြောင့် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်လာတဲ့ ကလေးတောင်ပိုင်းက ဒေသခံအရပ်သားတွေအပါအဝင် ဒေသခံ ၂ သောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ေစာင်၊ အနွေးအထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောပါတယ်။



CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက "လက်ရှိဖလမ်းမြို့နယ်ထဲ စစ်ဘေးရှောင်က ၂ သောင်းကျော်ရှိပါတယ် ရွာတွေ တောထဲတွေမှာနေနေရတယ်ပေါ့ သူတို့အတွက် ဆန်၊ ဆီ ၊ ပဲ ၊ ဆေးဝါး၊ အမိုးအကာတွေ နောက်ပြီး ဆောင်းရာသီဆိုတော့ အနွေးထည်တွေ ဆောင်တွေ အရေးပေါ်လိုအပ်နေကြပါတယ် ကလေးတောင်ပိုင်း နတ်ချောင်း၊ နတ်မြောင်း၊ ဟားခါးလေးတို့ စတဲ့ အနီးအနားမှာ ရှိတဲ့သူတွေ အကုန်လုံးက ချင်းတောင်ဘက်ကို စစ်ကြောင်းထိုးတဲ့အခါကြတော့ ချင်းတောင်ဖက်ကို ရွှေ့ပြောင်းပြီးတော့ စစ်ရှောင်နေကြရတာပေါ့” လို့ပြောပါတယ်။
လက်ရှိစစ်ဘေးရှောင်နေရတဲ့ထဲ ကလေးသူငယ် ၃၀၀၀ ကျော်အပါအဝင် ဒေသခံပြည်သူ ၂ သောင်းကျော်ဟာ ကျေးရွာတွေ နဲ့ တောတောင်တွေထဲ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရပြီး ဖလမ်းမြို့ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲကလည်း နေ့စဉ်နဲ့အမျှ ရှိနေတဲ့ကြောင်းကိုလည်း CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့လောက်ကစလို့ ကလေးမြို့တောင်ပိုင်း ကလေး - ဂန့်ဂေါလမ်းဖက်ကို စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ြ့ပီးနောက် ကလေး - နတ်ချောင်း - ချောင်းခွ - ဟားခါးလေး ဘက်ကနေ ဖလမ်းမြို့နယ် ဝေဘူလမြို့ကို ထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီး အဲဒီကနေ ဖလမ်းမြို့ကို နိုဝင်ဘာလ ၃ ရက်နေ့လောက်ကနေ အင်အား ၄၀၀ ကျော်နဲ့ ထိုးစစ်ဆင်ဖို့ စစ်ကြောင်းထိုးလာလို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျှက်ရှိနေတယ်လို့လည်း သိရပါတယ်။

No comments: