ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း-မကွေးတိုင်းအစပ်တွင် ဖြစ်ပွားနေသော ၁၃ ရက်တာ တိုက်ပွဲ များအတွင်း စစ်ကော်မရှင်တပ်က အရာရှိကြီးများအပါအဝင် ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း ချင်းလဲန်း အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။
“ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် အရာရှိတွေနဲ့ စစ်ကော်မရှင်တပ်သားသေဆုံးတာက စစ်ကြောင်းနှစ် ကြောင်းလုံးကို ပူးပေါင်းရေတွက်တာပါ။ စစ်ကြောင်း(၁) ဖက်က သေတာပိုများပါတယ်၊ အလောင်းရရှိမှု က ၁၀၀ ကျော်ပေါ့ ဒီထက်လည်း များနိုင်ပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများပြီး အရေအတွက်တော့ အတည်ပြုဖို့ မလွယ်ဘူး”ဟု ချင်းလဲန်းအစိုးရကာကွယ်ရေးဝန်ကြီးဌာန ပြန်ကြားရေးတာဝန်ခံ ဆလိုင်း နိုင်ဂျွန်ကင်မ်က မဇ္ဈိမကိုပြောသည်။
မြေပြင်တွင် စစ်ကော်မရှင်တပ်က အထိခိုက်အကျအဆုံးများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ သည့်အပြင် စစ်သုံ့ပန်းအချို့ပါဖမ်းဆီးထားနိုင်ခဲ့သဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပြင်းထန် ပြုလုပ် နေပြီး နိုဝင်ဘာလ ၁၈ ရက် တနေ့တည်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံး ၊ Y12 ဖြင့် ဗုံး ၁၅၀ ခန့် ကြဲချခဲ့ကြောင်း ၎င်းကဆိုသည်။
စစ်ကော်မရှင်တပ်က လေယာဥ်နှင့် ဒရုန်းများကို အားပြုတိုက်ခိုက်နေသဖြင့် ရှေ့တိုးနိုင်ရန် အခက်အခဲ များရှိသော်လည်း မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အတတ်နိုင်ဆုံး ရှေ့တိုး၍ တိုက်ခိုက်နေကြောင်း ဆလိုင်း နိုင်ဂျွန်ကင်မ်က ဆက်ပြောသည်။
စစ်ကြောင်း(၁)သည် ကလေးမြို့နယ် မှန်တော၊ ကြံသာနှင့် ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာအနီးတွင် မဟာ မိတ်များဖြစ်သော Vakok–PDF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Yaw Defense Force(YDF)တို့ပူးပေါင်း၍ တိုက်ပွဲဝင်နေခြင်းဖြစ် ကြောင်း ချင်းလဲန်းအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကြောင်း(၂)သည် ချင်းပြည်နယ် ဖလမ်းမြို့နှင့် ဝေဘူလမြို့အကြားတွင်လည်းကောင်း၊ တီးတိန်မြို့ နှင့် ခိုင်ကမ်းမြို့အကြားများတွင် ချင်းညီနောင်(CB) အဖွဲဝင်များဖြစ်သော ချင်းအမျိုးသားကာကွယ်ရေး အဖွဲ့ (CNDF) ၊ PDF- Zoland တို့နှင့် ပူးပေါင်း၍ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ ၆ ရက်မှ ၁၇ရက်နေ့အတွင်း ဂျက်ဖိုက်တာ၊ Y12 လေယာဥ်များဖြင့် ၁၇ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းလဲန်းအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုတိုက်ပွဲများအတွင်း ချင်းပြည်နယ်၌ သဘောထားကွဲလွဲနေသော ချင်းလဲန်းကောင်စီ(CC) နှင့် ချင်းညီ နောင်(CB) တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်နေပြီး ပိုမိုပူးပေါင်းနိုင်ရေးကြိုးသွားမည်ဖြစ်ကြောင်း နိုင်ဂျွန် ကင်မ်က ပြောသည်။
ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တီးတိန်မြို့နယ် မွာလ်ပီးကျေးရွာအနီးတိုက်ပွဲတွင် အတူတကွ တိုက်ပွဲ ဝင်ခဲ့ပြီး ယခုလည်း ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကာ CC , CB အလုံးစုံပူးပေါင်းတိုက်ပွဲဝင်သွားရန် ကြိုး စားသွားမည်ဟု ၎င်းကဆိုသည်။
စစ်ကော်မရှင်ပြုလုပ်မည့် ဒီဇင်ဘာလ ၂၈ ရက် ပထမအဆင့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ ဟားခါး နှင့် တီးတိန်မြို့ပါဝင်နေပြီး ဆက်လက်ကျင်းပမည့်ရွေးကောက်ပွဲများအတွက် ဆုံးရှုံးခဲ့သော နယ်မြေများ ကိုပြန်လည်ရရှိရန် စစ်ကြောင်းများထိုးလာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ် ကြ သည်။


No comments: