သင်ဇာဝင့်ကျော်နှင့် နန်းမွေစံ ပြန်မလွတ်သေး

စစ်ကောင်စီ၏ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြစ်ဒဏ်ကျနေသည့် အကျဉ်းသား/ အကျဉ်းသူ ၉,၆၅၂ ဦးအား လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် မော်ဒယ်နန်းမွေစံတို့ ၂ဦး ပါဝင်ခြင်းမရှိကြောင်း ၎င်းတို့၏ မိသားစုဝင်များကဆိုသည်။



မီဒီယာများက လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် မော်ဒယ်နန်းမွေစံတို့ ၂ဦးလည်း ပါဝင်မည်ဟု သတင်းများ ဖော်ပြခဲ့သော်လည်းတကယ်တမ်းတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်းမရှိကြောင်း မိသားစုဝင်များက အတည်ပြုပြောကြားခဲ့သည်။

သင်ဇာဝင့်ကျော်၏ မိခင်ဖြစ်သူက “မီဒီယာတွေတော်တော်များများ လွတ်ပြီလို့ ရေးကြတော့ ပျော်တာပေါ့။ ဒါပေမယ့် မဟုတ်တဲ့အခါကျတော့ မိခင်တယောက်အနေနဲ့ ခံစားရတာပေါ့။ သူ့ရဲ့ ပျိုမြစ်မှုနဲ့ မင်းသမီးလုပ်နေတာ။ သူ့ရဲ့လှပမှု၊ ပျိုမြစ်တဲ့အချိန်၊ တန်ဖိုးရှိတဲ့အချိန်က နှမြောဖို့အရမ်းကောင်းတယ်။ တန်ဖိုးရှိတဲ့အချိန်ကို အထဲမှာ အသုံးချ ဘုရားတရားကို ပိုလုပ်ဖို့အမြဲမှာတယ်” ဟု ဧရာဝတီကိုပြောသည်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကဲ့သို့ မော်ဒယ် နန်းမွေစံသည်လည်း ပြန်လည်လွတ်မြောက်ခဲ့ခြင်းမရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်သည့် သတင်းအမှားများကို မဖော်ပြကြရန်နှင့် အမြန်ဆုံး လွတ်မြောက်ရန်သာ မျှော်လင့်ကြောင်း နန်းမွေစံ၏ မိသားစု ဝင်များက ဆိုသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်က သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့အား လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် အခကြေးငွေယူကာ ဖြန့်ဝေသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) ဖြင့် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပြီး မော်ဒယ် နန်းမွေစံသည် စက်တင်ဘာ ၂၇ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ မော်ဒယ် ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှုဖြင့် Website တစ်ခုတွင် အခကြေးငွေ ရယူကာ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများ ဖြန့်ဝေခဲ့ကြောင်းနှင့် မော်ဒယ် နန်းမွေစံ သည်လည်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စကာ အမေရိကန်နိုင်ငံရှိ Exantria Website တွင် လိင် အသားပေး ဓာတ်ပုံများ ဖော်ပြခဲ့ပြီး အခကြေးငွေ ရယူခဲ့ကြောင်း စစ်ကောင်စီက ဖော်ပြခဲ့သည်။

စစ်ကောင်စီက ၎င်းတို့နှစ်ဦးကို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည်ဟု စွပ်စွဲကာ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃-က ဖြင့် အရေးယူကြောင်း ကြေညာခဲ့သည်။

No comments: