ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ရဲ့ ပြည်ထောင်စု ဝန်ကြီးရာထူးနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် စစ်ကောင်စီက ပြောင်းလဲခန့်ထားလိုက်သလို နောက်ထပ် ဝန်ကြီးနှစ်ဦးကိုပါ ပြောင်းလဲလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး မိုးအောင်ကို အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်လိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအတွက် အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဘက်ပေါင်းစုံက လေ့လာသုံးသပ် အကြံပြုနိုင်ဖို့ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဇန်နဝါရီလ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်ကို ပြောင်းလဲလိုက်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ရဲ့ ပြည်ထောင်စု ဝန်ကြီးနေရာကိုတော့ အရင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ဝန်ကြီး ဦးအောင်နိုင်ဦးကို ပြောင်းလဲခန့်လိုက်တာ တွေ့ရပါတယ်။
လစ်လပ်သွားတဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နေရာကို စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နဲ့ အစားထိုး ပြောင်းလဲထားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အရင် စစ်အစိုးရလက်ထက် စက်မှု (၁) ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းရဲ့သားဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၈) ဆင်းဖြစ်ပြီး စစ်တပ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်လာသူပါ။
ထိပ်ပိုင်းနေရာ အပြောင်းအလဲတွေအပြင် စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနေရာနဲ့ စစ်တပ်ဌာန တချို့မှာလည်း လူအပြောင်းအလဲတွေ လုပ်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
စစ်ကောင်စီဟာ တိုင်းပြည်လုံခြုံရေး အကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ပြီး အခု နောက်ဆုံးတစ်ကြိမ် သက်တမ်းတိုးထားတဲ့ အရေးပေါ်ကာလ သက်တမ်းပြည့်ဖို့ တစ်လနီးပါးအလိုမှာ အခုလို အပြောင်းလဲတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
No comments: