မြန်မာမပါဘဲ အာဆီယံ – အိန္ဒိယ ရေတပ်များ စစ်ရေးလေ့ကျင့်

မြန်မာစစ်တပ် မပါသည့် အာဆီယံ-အိန္ဒိယ ရေတပ်များ၏ စစ်ရေးလေ့ကျင့်မှုကို မေလ ၂ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ကြောင်း စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။




လေ့ကျင့်မှုကို စင်ကာပူ၊ အိန္ဒိယ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ သင်္ဘော ၉ စင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ လေယာဉ် ၆ စီးတို့ဖြင့် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှ ဝန်ထမ်းပေါင်း ၁,၈၀၀ ကျော်လည်း ရေကြောင်းလေ့ကျင့်မှုတွင် ပါဝင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရေကြောင်းလေ့ကျင့်မှုကို စင်ကာပူနိုင်ငံ ချန်ဂီရေတပ်စခန်းတည်ရှိရာ စင်ကာပူကမ်းရိုးတန်းမှ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်သည့် နိုင်ငံတကာရေပိုင်နက်တွင် ကျင်းပခြင်းဖြစ်သည်။ လေ့ကျင့်မှုများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမှု၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကျွမ်းကျင်စေမည့် လေ့ကျင့်ခန်းများ ပါဝင်သည်။ ထို့ပြင် ရဟတ်ယာဉ်များ သင်္ဘောကုန်းပတ်ပေါ် ဆင်းသက်ခြင်း၊ ရေကြောင်းလုံခြုံရေးနှင့် ဆက်သွယ်ရေးလေ့ကျင့်ခန်းများလည်း ပါဝင်သည်။

ယခုလေ့ကျင့်မှုသည် ရေတပ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည်၊ နားလည်မှု မြှင့်တင်ရန်နှင့် ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်သည်ဟုလည်း စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

​(၁၇) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကိုလည်း ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်လျက် မေလ ၁၀ ရက်က ကျင်းပရာ အာဆီယံနိုင်ငံများမှ ရေတပ်ဦးစီးချုပ်များ၊ လာအိုနိုင်ငံ စစ်ဦးစီးဌာနအကြီးအကဲတို့ တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးသို့ စစ်ကောင်စီရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင် တက်ရောက်ခဲ့သည်ဟု မြန်မာအင်တာနေရှင်နယ်ရုပ်သံလိုင်းက ဖော်ပြသည်။

ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးမိုးအောင်က အာဆီယံသည် ပြင်ပစွက်ဖက်မှုများ ကင်းရှင်းပြီး လမ်းကြောင်းမှန်ကို ရှေးရှုအကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေကြောင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ထိုင်းတွင် နှစ်စဉ် ကျင်းပနေသော ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုတွင် မြန်မာစစ်တပ်က လေ့လာသူအဖြစ် ယခင်က တက်ရောက်ခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းပြီး ဆန့်ကျင်သူတို့ကို အကြမ်းဖက် သတ်ဖြတ်ပြီးနောက်တွင်မူ နိုင်ငံစုံ ပါဝင်သော ထိုစစ်ရေးလေ့ကျင့်မှုအစီအစဉ်များတွင် မြန်မာစစ်တပ် ပါဝင်ခွင့်မရှိတော့ပေ။

လတ်တလောတွင် အာဆီယံထိပ်သီးညီလာခံကို အင်ဒိုနီးရှားနိုင်ငံတွင် မေလ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပရာ စစ်ကောင်စီကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခွင့် ပိတ်ပင်ထားသည်။ အကြမ်းဖက်မှုများ ရပ်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန် ဟူသည့် ဘုံသဘောတူညီချက်များ ၂ နှစ်ကြာသည့်တိုင် ဖြစ်ပေါ်တိုးတက်မှုမရှိသည့်အတွက် စစ်ကောင်စီကို အာဆီယံက ဆက်လက် ဒဏ်ခတ်ထားခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အကြမ်းဖက်မှုများ ရပ်ရန်၊ တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်ပေးရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မေလ ၁၀ ရက်တွင် ထုတ်ဖော်ပြောဆိုထားသည်။

“မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိပြီး အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် အင်အားသုံးဖြေရှင်းမှုကို ရှောင်ရန် တိုက်တွန်းသည်” ဟု အာဆီယံခေါင်းဆောင်များ၏ မေလ ၁၀ ရက် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများအတွက် သည်းမခံနိုင်ဘဲ အကြမ်းဖက်မှုများ ရပ်ရန်နှင့် ပြည်သူများကို အကာကွယ်ပေးရန် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားသမ္မတက သတင်းထောက်များကို ထပ်မံပြောဆိုသွားသည်။

အာဆီယံ၏ လက်ရှိဥက္ကဋ္ဌနိုင်ငံ၏ ခေါင်းဆောင် ဂျိုကိုဝီဒိုဒိုက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူ မည်သူမဆိုနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Source: Myanmar Now 

No comments: