အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ အကျဉ်းသား ၅၀၀ ကျော် ပြောင်းရွှေ့ခံရ

ရန်ကုန် အင်းစိန်ထောင်မှ ပဲခူး သာယာဝတီထောင်သို့ မေလ ၉ ရက်နေ့က အကျဉ်းသား ၅၀၀ ကျော် ပြောင်းရွေ့လိုက်ကြောင်း ရှေ့နေများ အသိုင်းအဝိုင်းထံက တစ်ဆင့် သိရသည်။

“အင်းစိန်ထောင်က ကျား ၃၃၀ ဦး ၊ မ ၂၃၅ ဦး သာယာဝတီထောင်ကိုပြောင်းရွှေ့လိုက်ပါတယ်။ ပြောင်းရွှေ့ခံရတဲ့ထဲက အကျဉ်းသားတွေက မူး/စိတ်(မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေ)အမှုကို ခုနစ် နှစ်အထက်တွေပါ ” ဟု ရှေ့နေတစ်ဦးက မဇ္ဈိမကို ပြောသည်။


နိုင်ငံရေးအကျဉ်းသားများအား ယခုလို ထောင်ပြောင်းရွှေ့သည့်လုပ်ရပ်သည် နိုင်ကျဉ်းများကိုသာမက ၎င်းတို့​၏ မိသားစုဝင်များကိုပါ အခက်အခဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
"အဲ့တာက ငြင်းမရတဲ့ကိစ္စပါပဲ။ နိုင်ကျဉ်း အမျိုးသား၊ အမျိုးသမီးနဲ့ ထောင်သားအချို့ကို သာယာဝတီထောင်ရွှေ့လိုက်တာဟုတ်ပါတယ်။ နိုင်ကျဉ်းအမျိုးသား၊ အမျိုးသမီးတွေရောလည်းပါ ပါတယ်။ အရင်ကတည်းက လုပ်နေကြပါ။ သူတို့ မတရားပြန်ပေးဆွဲဖမ်းထားတဲ့ နိုင်ကျဉ်းတွေကို ခြင်းထဲက ကြက်ကလေးတစ်ကောင်လို ရွှေ့လိုက်ပြောင်းလိုက်လုပ်နေကြတာပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က အတည်ပြုသည်။
လွန်ခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလပိုင်းတွင်လည်း အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ဦးရေ ၇၀၀ ခန့်ကို ပဲခူးတိုင်းရှိ သာယာဝတီထောင်နှင့် သရက်ထောင်သို့ ပြောင်းရွှေ့ကြောင်းသိရပြီး နိုင်ငံရေးအကျဥ်းသားအများစုပါဝင်ကာ အမျိုးသားများဖြစ်ကြောင်း ထောင် နှင့် နီးစပ်သူများထံမှ သိရသည်။ ထို့သို့ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများသည် မိသားစုနှင့် အဆက်အသွယ်မရ၊ တွေ့ဆုံခွင့်မရကြောင်း မိသားစုဝင်များ နှင့် ထောင်နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။
မေလ ၉ ရက်နေ့ ထောင် အပြောင်းအရွှေ့မလုပ်မီ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် မေလ ၃ ရက်တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ က ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/ သူ ၂၁၅၃ ဦးအား စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
Source: (မဇ္ဈိမ)

No comments: