မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် လမ်းသစ်ဖွင့်လှစ် လွှဲပြောင်းနိုင်ရေး နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကောင်းမူကျေးရွာနှင့် အနီးတစ်ဝိုက်တွင် အခြေပြုသည့် ကျော်သက်နှင့် စောဆန်း အောင်ခေါင်းဆောင်သော ကလိုထူးဘောကရင် အစည်းအရုံး(KKO)အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့်တပ် မတော်၏မူဝါဒများကို ဆန့်ကျင်လျက် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် ကားလမ်းများ ပေါ်တွင် တရားမဝင်အကောက်စခန်းများဖွင့်လှစ်၍ ခရီးသွားပြည်သူ လူထုထံမှ ငွေကြေးအဓမ္မကောက်ခံခြင်း ၎င်းတို့ အခြေပြုကျေးရွာ ဝန်းကျင်များတွင် အဓမ္မဆက်ကြေးငွေကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက် ရှိသည့်သတင်း များဖြစ်ပေါ်ခြင်းခဲ့၍ ယင်းသို့မလုပ်ဆောင်ရန် ပြည်နယ်အစိုးရနှင့် နယ်မြေခံတိုင်းစစ်ဌာနချုပ် တို့က အကြိမ်ကြိမ် သတိပေး အကြောင်းကြားခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဟန့်တားခြင်း၊ ပညာပေးစည်းရုံးပြောဆိုခြင်းများ ဆောင်ရွက်ခဲ့ သည်။

သို့ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၆ ရက်က မြဝတီမြို့ရှိ ရွှေတိဂုံပုံတူ စွယ်တော်ပွားစေတီ ဌာပနာသွင်းအခမ်းအနား တက်ရောက်ရန်နှင့် ကော့ကရိတ်-မြဝတီ-မဲဆောက် အာရှလမ်းမသစ် ဖောက်လုပ်ပြီးစီးမှု အခြေအနေ စစ်ဆေးရန် ကော့ကရိတ်မြို့မှထွက်ခွာစဉ် ကျော်သက်နှင့်ဆန်းအောင် ခေါင်းဆောင်သည့် KKOအဖွဲ့က ကရင်ပြည် နယ် ဝန်ကြီးချုပ်လိုက်ပါလာကြောင်း သိလျက်နှင့် မင်းမဲ့စရိုက်ပုံစံဖြင့် ရပ်တန့် တားဆီးခဲ့သဖြင့် တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းများ ထိခိုက်စေရေးအတွက် အလားတူ မပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်။
ထပ်မံ၍ နိုင်ငံတော်အဆင့်အကြီးအကဲ၏ အာရှလမ်းမသစ်ကြီးဖွင့်လှစ်ရေး ခရီးစဉ်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များက နယ်မြေနှင့် လမ်းကြောင်း လုံခြုံရေးစစ်ဆေးရန် ဇူလိုင် ၂ ရက်က ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းကြောင်းအတိုင်း ထွက်ခွာလာစဉ် ကော့ကရိတ်မြို့မှအထွက် ကျော်သက်နှင့်ဆန်းအောင် အဖွဲ့က အကြောင်းမဲ့စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တိုင်းမှူး ယာဉ်တန်းအပါအဝင် လုံခြုံရေးစစ်သည်များမှ ပြန်လည်သတိပေး ပစ်ခတ်ခဲ့ရာ ၎င်းတို့က လက်နက်ကြီးများဖြင့် တိုးမြှင့်ပစ်ခတ်ခဲ့သည်။ ၎င်းအဖွဲ့၏ မင်းမဲ့စရိုက်ဆန်ဆန် အကြိမ်ကြိမ်ဆောင်ရွက် နေမှုများကို တပ်မတော်အနေဖြင့် ဆက်လက်သည်းခံနိုင်ခြင်း မရှိ၍ တပ်မတော်စစ်ကြောင်း များနှင့် နယ်ခြားစောင့်တပ်(BGF)တို့ပူးပေါင်း၍ ဇူလိုင် ၂ ရက်မှစတင်ပြီး နယ်မြေရှင်းလင်း ခြင်းများ စတင်ဆောင်ရွက်ခဲ့ရသည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစ၍ မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် လမ်းဟောင်းနှင့်လမ်းသစ်အား ကျော်သက်နှင့်ဆန်းအောင် အဖွဲ့က စတင်ပိတ်ဆို့ထားခဲ့ပြီး စစ်ရေးနှင့်မသက်ဆိုင်သော ချောင်းတောင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ အစိုးရပိုင်ပစ္စည်းဖြစ်သော လှိုင်ကွယ် ကျေးရွာအနီးရာဘာခြံအတွင်းရှိ အဆောက်အဦ ၂ လုံးအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံ ပြည်သူလူထုများ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ ကော့ကရိတ်မြို့ လူနေရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများဖြင့် ၃ ကြိမ် နှောင့်ယှက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး၊ ဒေသအတွင်း လမ်းပန်း ဆက်မှုလုံခြုံချောမွေ့စေရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ် (BGF)တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းခြင်းများကို ဇူလိုင် ၂ ရက်မှ ၉ ရက်အထိ ဆောင်ရွက်ခဲ့ရာ မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် ကားလမ်းဟောင်း ပေါ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်၊ ကားလမ်းသစ်ပေါ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လမ်းဟောင်းအား ဇူလိုင် ၈ ရက်တွင် လည်းကောင်း၊ လမ်းသစ်အား ဇူလိုင် ၉ ရက်တွင်လည်းကောင်း ထိန်းချုပ်နိုင်ပြီး ပြန်လည်ဖွင့်လှစ်ပေးခြဲ့သည်။
ထို့အပြင် ကျော်သက်နှင့်ဆန်းအောင်အဖွဲ့ အကြွင်းအကျန်များ ခိုအောင်း နေထိုင်မှု မရှိစေရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ်(BGF) တို့က နယ်မြေရှင်းလင်းခဲ့ရာ ၎င်းတို့အခြေပြုခဲ့သောနေရာများ၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ၄ ကြိမ် ဖော်ထုတ်နိုင်ခဲ့ပြီး ကာလတန်ဖိုး ခန့်မှန်း ငွေကျပ် သိန်းပေါင်း ၂၅၉၂၁ သိန်းကျော်ရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား စုစုပေါင်း ၈၆၄၀၅၇ ပြားနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သော စက်ပစ္စည်းအစိတ်အပိုင်းများအား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်အတွင်း ဆုံဆည်းမြိုင်နယ်မြေ၌ အခြေပြုလျက်ရှိသည့် ကလိုထူးဘော ကရင်အစည်းအရုံး (KKO)အဖွဲ့ ဌာနချုပ်ကလည်း ကျော်သက်နှင့် ဆန်းအောင်၏ လုပ်ရပ်များကို လက်မခံနိုင်သဖြင့် ၎င်းတို့အဖွဲ့မှ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပယ်ခဲ့ကြောင်း ကြေငြာခဲ့သည်။ ကျော်သက်နှင့် ဆန်းအောင်၏ လက်အောက်အဖွဲ့များအနေဖြင့်လည်း တပ်မတော်စစ်ကြောင်းများ၏နယ်မြေရှင်းလင်းမှုနှင့် ပြည်သူလူထုမှ မထောက်ခံမှု တို့ကြောင့် တပ်ဖွဲ့ဝင် ၈၉ ဦးသည် လက်နက်/ ခဲယမ်းများနှင့်အတူ တပ်မတော်စစ်ကြောင်း အသီးသီးသို့ ဥပဒေဘောင်အတွင်းလက်နက်ဖြင့် ဝင်ရောက်ခိုလှုံခဲ့ကြသည်။
ထိုသို့ ဖြစ်ပွားစဉ် ကျော်သက်သည် နောက်လိုက်အနည်းငယ်ဖြင့် မူလ အခြေပြုရာ ကောင်းမူရွာမြောက်ခြမ်းမှတစ်ဆင့် မဲသဝေါပြန့်သို့ လည်းကောင်း၊ ဆန်းအောင်ခေါင်းဆောင်သော အဖွဲ့သည် ကောင်းမူရွာ တောင်ဘက်ခြမ်းမှတစ်ဆင့် KKO ဌာနချုပ်ရှိရာသို့လည်းကောင်း ဆုတ်ခွာ၍ သွားရောက်ပူးပေါင်းသော်လည်း KKO ဌာနချုပ်မှ ထုတ်ပယ်ပြီးဖြစ်၍ လက်မခံခဲ့ရာမှ အဖွဲ့များကွဲကာ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီး ဆန်းအောင်မှာမူ နောက်လိုက်အနည်းငယ်ဖြင့် မဲသဝေါပြန့်သို့ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါသည်။
မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် လမ်းဟောင်းအား မူလအတိုင်း ပြန်လည် သွားလာနိုင်ရေး၊ လမ်းသစ်အား ဖွင့်လှစ်လွှဲပြောင်းနိုင်ရေးနှင့် နယ်မြေဒေသအတွင်း တည်ငြိမ် အေးချမ်းရေးတို့အတွက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၄၈ ကြိမ်ဖြစ်ပွားခဲ့ကာ တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦး နိုင်ငံအတွက် အသက်ပေးလှူခဲ့ရပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦး ပျောက်ဆုံးခဲ့သည်။ ကျော်သက်နှင့် ဆန်းအောင်အဖွဲ့ထံမှ ဖမ်းဆီးရမိ ၂၆ ဦး၊ အလောင်း ၆ လောင်း၊ ဥပဒေဘောင်အတွင်းဝင်ရောက်သူ ၈၉ ဦး၊ လက်နက်မျိုးစုံ ၁၆၅ လက်၊ ကျည်မျိုးစုံ ၂၁၆၅၆ တောင့်၊ ဗုံးသီးမျိုးစုံ ၄၀၀ လုံး၊ မိုင်းမျိုးစုံ ၃၂၆ လုံး၊ ကျည်အိမ်မျိုးစုံ ၃၅၈ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၈ လုံး၊ ယာဉ်မျိုးစုံ ၁၄ စီးနှင့် WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၈၆၄၀၅၇ ပြားတို့ သိမ်းဆည်းရမိခဲ့သည်။
တပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF)တို့က နယ်မြေရှင်းလင်း နိုင်ခဲ့ခြင်းကြောင့် မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ်လမ်းသစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၃၀ ရက်တွင်ကျင်းပနိုင်ခဲ့ပြီး ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dr. Somkid Jatusripitak တို့ တက်ရောက်၍ အောင်မြင်စွာဖွင့်လှစ် နိုင်ခဲ့သည်။
ယခင်ကလမ်းအရှည် ၃၉ မိုင် ၄ ဖာလုံရှိသော မြဝတီကော့ကရိတ် ကားလမ်းဟောင်းသည် အတက်တစ်ရက်နှင့် အဆင်းတစ်ရက်စနစ်ဖြင့် သွားလာခဲ့ရပြီး ယာဉ်မောင်းချိန်မှာလည်း ယာဉ်ကြီး ၈ နာရီနှင့် ယာဉ်ငယ် ၆ နာရီ ကြာမြင့်ခဲ့သည့်အပြင် လမ်းကြောင်းပေါ်တွင် ယာဉ်တစ်စီး ပိတ်ဆို့ပါက မဖြေရှင်းနိုင်ချိန်တွင် ယာဉ်တန်းများ ရပ်တန့်မှုဖြစ်ပေါ်ပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွား ပြည်သူလူထုများ၏ ခရီးသွားလာမှုအား များစွာထိခိုက်ခဲ့သည်။
ယခုအခါ အရှည် ၂၈ မိုင် ၄ ဖာလုံရှိ ကော့ကရိတ်-မြဝတီ-မဲဆောက် အာရှလမ်းမ နိုင်လွန်ကတ္တရာလမ်းမကြီးမှာ ယာဉ်ကြောအသွား၊ အပြန်ပါဝင်ပြီး ၄၅ မိနစ် အတွင်းသာ မောင်းနှင်ရသဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူလျင်မြန် အဆင်ပြေစေပြီးကုန်စည်စီးဆင်းမှုလည်း သွက်လက်မြန်ဆန်ထိရောက်သည့်အပြင် အသက်စည်း စိမ်ဥစ္စာ လုံခြုံရေးအရလည်း အန္တရာယ်ကင်းစွာ သွားလာနိုင်ပြီဖြစ်၍ ဒေသခံပြည်သူများက နိုင်ငံတော်နှင့် တပ်မတော် အပေါ် ကျေးဇူးတင် ဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိသည်။
Source: MOI


No comments: